ဖမ်းဆီးခံ PDF ဆေးတပ်သူ ခြောက်ဦးကို ကလေးအကျဉ်းထောင် ပို့ဆောင်

2021.11.25
ဖမ်းဆီးခံ PDF ဆေးတပ်သူ ခြောက်ဦးကို ကလေးအကျဉ်းထောင် ပို့ဆောင် စစ်ကောင်စီတပ်က ၂၀၂၁ နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးထားသည့် ကလေး PDF တပ်ဖွဲ့ဝင် အမျိုးသမီးကိုးဦးကို တွေ့ရစဉ်
Photo: David TD

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း အမှတ် (၃) စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ချိန် ဖမ်းဆီးခံရတဲ့ PDF ဆေးတပ်သူ ချင်းအမျိုးသမီး ကိုးဦးထဲက ခြောက်ဦးကို နိုဝင်ဘာလ ၂၄ ရက်နေ့က ကလေးမြို့ အကျဉ်းထောင်ကို ပို့ဆောင် လိုက်တယ်လို့ ကလေး PDF အဖွဲ့က ပြောပါတယ်။

ကျန်သုံးဦးကတော့ ကလေး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရဲ့ စစ်ကြောရေးစခန်းထဲမှာ ရှိနေဆဲဖြစ်တယ် လို့ ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း အမှတ် (၃) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျွန်တော်တို့ သတင်းကြားတာ နောက်ဆုံးကတော့ ခြောက်ယောက်ကတော့ ထောင်ထဲရောက်နေတယ် လို့ ကြားတယ်။ သုံးယောက်ကတော့ စစ်ကြောရေးမှာ ကျန်သေးတယ်လို့ ကြားတယ်။ စစ်ကြောရေး အချိန် မှာက ရိုက်ထားတယ်ထင်တယ် နာလို့ဆေးရုံထင်ထားရတယ်လို့ ကြားတယ်”

စစ်ကြောရေးမှာ ကျန်ခဲ့တဲ့ သုံးဦးထဲကတစ်ဦးဟာ ညှဉ်းပန်းနှိပ်စက်ဒဏ်ရာတွေကြောင့် ဆေးရုံကိုတင်ထားရ တာလို့ သတင်းရထားကြောင်းလည်း ပြောပါတယ်။

"စခန်းဝင်သိမ်းတုန်းက လက်နက်အင်အားချင်းကွာလို့ ကျတော်တို့ လက်လျော့လိုက်ရတာ"

ဖမ်းဆီးခံထားရသူတွေကတော့ ဇမ်ဇိုးဇမ် (Zam Zo Zaam)၊ မန်လွန်းဒိမ်း (Man Lam Dim)၊ ညောင်ဒွ့န့်ကျင်း (Niang Don Ciin)၊ မားလ်ဆောမ်ဒေါင်းအီး (Mal SawnDawngi)၊ လားလ်တန်လွေးအီး (Lal Tlanhuii)၊ လားလ်လွန်စန်းအီး (Lallunsangi)၊ လားလ်မွမ်းကိမ်းအီး (Lallmuankimi)၊ ဗန်လားရွန်းအီး (Daisy Vanlalrawni)၊ လားလ်ပျန်းဖဲလ်အီး (Lalpianfeli) တို့ဖြစ်ပါတယ်။

ကလေးမြို့ အကျဉ်းထောင်ကို ပို့ဆောင်ခံရသူတွေနဲ့ စစ်ကြောရေးမှာ ကျန်ရှိနေသေးသူတွေကို အရေအတွက် လောက်သာ သိထားရပေမယ့် အမည်တွေနဲ့ယှဉ်တွဲပြီး မသိရသေးဘူးလို့ ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း အမှတ် (၃) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးခံထားရသူ အမျိုးသမီး ကိုးဦးဟာ အသက် ၁၇ နှစ်နဲ့ ၂၁ နှစ်ကြားရှိသူတွေဖြစ်ပြီး အများစုကတော့ တက္ကသိုလ်ကျောင်းသူတွေဖြစ်တယ်လို့ သူတို့ရဲ့ မိတ်ဆွေအချို့က ပြောပါတယ်။

သူတို့ဟာ အာဏာရှင် ဆန့်ကျင်တဲ့အရပ်သားတွေ ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်ခံရတာ၊ နိုင်ထက်စီးနင်း အင်းအားသုံး နှိပ်ကွက်ခံရတာတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ပြီး အာဏာသိမ်းစစ်တပ်ကို ရရာ လက်နက်တွေနဲ့ ခုခံတော်လှန်နေတဲ့ PDF တပ်သားတွေကို ဆေးဘက်ဆိုင်ရာကဏ္ဍမှာ ကူညီဖို့ဝင်ရောက်လာ ခဲ့ကြတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ CRPH, NUG, PDF အဖွဲ့တွေနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးတာ၊ နေအိမ် အဆောက်အဦးတွေကို ချိတ်ပိတ်သိမ်းဆည်းတာတွေ ရှိနေတဲ့အတွက် အခုဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ကိုးဦးရဲ့ နောက်ခံအကြောင်းအရာတွေနဲ့ ပတ်သက်လို့ သူ့တို့ရဲ့ မိတ်ဆွေတွေက ထုတ်ဖော်ပြောဖို့ ငြင်းဆန် ကြပါတယ်။

ဖမ်းဆီးခံရချိန်က လမ်းခုလတ်မှာ ကယ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် လက်နက်အင်အားမမျှတာကြောင့် နောက်ဆုတ်လိုက်ရတာလို့ ကလေး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါပေမဲ့ သူတို့လွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆက်လက်ကြိုးစားသွားမယ်လို့ ကလေး PDF တပ်ရင်း အမှတ် (၆) က ဗိုလ်မိုးကြိုးက ပြောပါတယ်။

"တောင်းဆိုချင်တာကတော့ သူတို့ လွတ်မြောက်ဖို့ပေါ့။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကယ်တာထိပ်တိုက်တွေ့ပြီးမှ ကယ်တယ်။ ဝင်စီးတယ် ဒါပေမဲ့ လက်နက်အင်အား မမျှတဲ့အတွက်ကြောင့် မို့နောက်ပြန်ဆုတ်ခဲ့ရတယ်။ သူတို့ အင်အားကတော့ မများဘူး။ စခန်းဝင်သိမ်းတုန်းက ဒါပေမဲ့ လက်နက် အင်အားချင်းကွာလို့ ကျတော်တို့ လက်လျော့လိုက်ရတာ"

PDF စခန်းကို တိုက်ခိုက်သိမ်းပိုက်ခံရတာ၊ ဆေးတပ်သားတွေ ဖမ်းဆီးခံရတာ၊ တပ်သားအချို့ ကျဆုံးတာတွေ နဲ့ သိုလှောင်ထားတဲ့ ရိက္ခာတွေ ပျက်စီးဆုံးရှုံးတာတွေရှိနေပေမယ့် နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ကလေး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံ PDF ဆေးတပ်သူ ကိုးဦး ကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုဖို့ မရှိသေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောဆိုထားပါတယ်။ အခု အမျိုးသမီး ကိုးဦးထဲက ခြောက်ဦးကို အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာ၊ စစ်ကြောရေးမှာ ကျန်နေခဲ့သူ သုံးဦးထဲက တစ်ဦးဟာ ညှဉ်းပန်းနှိပ်စက်ခံရလို့ ဆေးရုံတင်ထားရတာ စတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ တုံ့ပြန်ချက်ကိုရဖို့ RFA က ဆက်လက်ကြိုးစားနေပါတယ်။

pdf-kale.jpg
(ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်) Photo: PDF(Kalay)

ကလေး PDF ဆေးတပ်ဖွဲ့ရဲ့ အမည်မဖော်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဖမ်းဆီးခံ ဆေးတပ်ဖွဲ့ဝင် တွေအပေါ် ညှဉ်းပန်းနှိပ်စက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တဲ့အတွက် စစ်ကောင်စီတပ်က ဒီလုပ်ရပ်အပေါ်မှာ အပြည့်အဝတာဝန်ယူရမယ်လို့ ပြောပါတယ်။

"ဒါကကျမတို့က ဆေးတပ်ဖွဲ့ဝင်တွေဖြစ်နေတဲ့အပြင် အမျိုးသမီးတွေအပေါ်မှာ ဒီလိုမျိုး နှိပ်စက်ညှင်းပန်း တဲ့ ပုံစံပေါ့နော်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိက်စက်ညှင်းပန်းနေတာကို အပြင်းအထန်ရှုတ်ချတယ်။ ပြီးတော့ ဒီနေ့ဟာလည်း အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်တယ်။ အဲကိစ္စအတွက် စစ် ကောင်စီတပ်တွေမှာ အပြည့်အဝတာဝန်ရှိတယ်။ နိုင်ငံတကာ စံချိန်စံညွန်းနဲ့ လူအခွင့်အရေးတွေချိုး ဖောက် တာဖြစ်တယ်လို့ မှတ်ချက်ပြုချင်ပါတယ်ရှင့်"

ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့စပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအကြား နှစ်ပတ်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး PDF ဘက်က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကိုကျဲလ်ထန်ပွီးယာ၊ ကိုရမ်မောယာ၊ မဗျဲက်ရမ်ချင်းတို့ ကျဆုံးခဲ့သလို နိုဝင်ဘာ ၂၁ ရက်နေ့မှာလည်း ကိုဇော်နိုင်ဌေး၊ ကိုမင်းဇော် အောင်တို့ ကျဆုံးခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပေါင်း ၃၀ ကျော်ခန့်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့် သေဆုံးခဲ့တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အခုလက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေ တာကြောင့် ပြည်သူတွေ လုံလုံခြုံခြုံနေထိုင်သွားလာဖို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။