ကန့်ဘလူမှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ လေးဆယ်ကျော်ရှိလာ
2022.12.21

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အရပ်သားတွေ စစ်ဘေးရှောင်ရင်း တောတောင်ထဲမှာ မြွေကိုက်ခံရသူ ၄၃ ဦးအထိ ရှိလာပြီး အဲဒီထဲက လေးဦး သေဆုံးခဲ့တယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်မှာ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ဒီဇင်ဘာလ ၂၀ ရက်မှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ မြွေကိုက်ခံရပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ကလည်း အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး မြွေကိုက်ခံရပြီး ဆေးမကုသနိုင်တာကြောင့် သေဆုံးခဲ့တယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။
"အသက် ၆၁ နှစ်အရွယ် အမျိုးသားကတော့ မြွေဆိပ်ဖြေဆေးမရတဲ့အတွက် အသက်ဆုံးရှုံးသွားတယ်။ ကျန်တဲ့ နှစ်ဦးကတော့ မြွေဆိပ်ဖြေဆေး အချိန်မီထိုးနိုင်တယ်။ သူတို့ကတော့ အခြေအနေကောင်းတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာလည်း မြွေဆိပ်ဖြေဆေးက သိပ်မကျန်တော့ဘူး"
၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်းကနေ ဒီနေ့ထိ အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ခုနစ်ဦး မြွေကိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲက အသက် ရှစ်နှစ်ရွယ် မိန်းကလေးတစ်ဦးနဲ့ အမျိုးသား သုံးဦး သေဆုံးခဲ့ပါတယ်။
ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေအတွင်း ဝင်ရောက်စီးနင်းတာကြောင့် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ၆၁၆,၅၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။