SNLD ပါတီဗဟို အလုပ်မှုဆောင် အဖွဲ့တိုးချဲ့ရေး ဆွေးနွေး
2016.04.03
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းဖို့ အတွက် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် အသီးသီးက ပါတီဝင်တွေနဲ့ ဒီနေ့ ကျောက်မဲမြို့မှာ တွေ့ဆုံဆွေးနွေး ကြပါတယ်။
ပါတီဗဟိုအလုပ်မှုဆောင်နဲ့ အလုပ်မှုဆောင်အဖွဲ့တွေမှာ လူငယ်တွေထည့်သွင်းဖွဲ့စည်းသွားမှာ ဖြစ်တယ် လို့ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးစိုင်းကျော်ညွှန့်ကပြော ပါတယ်။
"လူငယ်မျိုးဆက်သစ်တွေကိုလည်း တာဝန်တွေပေးပြီးတော့ သူတို့ကိုလုပ်ပိုင်ခွင့်တွေ ပေးပြီးတော့ လုပ်ကိုင်နိုင်အောင် အခွင့်အရေးတွေပေးမယ်ဆိုတဲ့ စဉ်းစားချက်ပေါ့နော်၊ CEC မှာရော လူငယ်တွေကို ပါဝင်စေမယ်ဆိုတဲ့သဘောပေါ့နော်"
ဆွေးနွေးပွဲကို ဧပြီလ ၅ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲနောက်ဆုံးရက်မှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေး သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
လက်ရှိ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ၁၁ ဦးသာရှိပြီး အစိုးရသစ် အပြောင်းအလဲမှာ ပါတီလုပ်ငန်း စဉ်တွေကို ပိုမိုထိရောက်အောင်လုပ်ကိုင်နိုင်ဖို့ အတွက် တိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်ရတာ ဖြစ်တယ်လို့ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်၊ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်တို့ အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်က ဗိုလ်ချုပ်ဆေထင်လည်း လေ့လာသူ အနေနဲ့ တက်ရောက်ခဲ့ပါတယ်။
ဦးစိုင်းကျော်ညွန့်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။