မတရားအသင်းအက်ဥပဒေကို သူရဦးရွှေမန်းကော်မရှင် ပြန်လည် သုံးသပ်ဖို့စီစဉ်


2017.07.22
special-issues-commission-620.jpg ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေး ကို တွေ့ရစဉ်
ဓါတ်ပုံ - အထူးကော်မရှင်

မတရားအသင်းအက်ဥပဒေကို ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်က ပြန်လည် သုံးသပ်ဖို့ စီစဉ်နေတယ်လို့ ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း က ပြောပါတယ်။

ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက မနေ့က ပြုလုပ်ခဲ့တဲ့ ကော်မရှင်အစည်းအဝေးမှာ မတရားအသင်း အက်ဥပဒေကို ပြန်သုံးသပ်ဖို့ ပြောခဲ့တာဖြစ်တယ်လို့ အဖွဲ့ဝင် ဒေါက်တာသန်းဝင်းက ပြောပါတယ်။

"သုံးသပ်ဖို့ ဥက္ကဌကြီးက မနေ့ကမှ ကျနော်တို့ ပုံမှန်အစည်းအဝေးမှာ စပြောတာပါ။ ကျနော်တို့ ကော်မရှင် ရဲ့ အလုပ်လုပ်တဲ့ပုံစံအတိုင်း ဥက္ကဌကြီးကနေပြီးတော့မှ အထူးသဖြင့် ဥပဒေပညာရှင်တွေပေါ့။ သူတို့ သုံးယောက်၊ လေးယောက် စသည် တာဝန်ပေးပါတယ်။ တာဝန်ပေးပြီးတော့ သူတို့ သုံးသပ်ပြီးတော့မှ စုံညီအစည်းအဝေးကို ပြန်တင်ပါတယ်"

မတရားအသင်း အက်ဥပဒေကို ပြန်လည်သုံးသပ်ဖို့အတွက် ကော်မရှင်အဖွဲ့ဝင်တွေကို တာဝန်ပေးအပ်ရမှာဖြစ်ပြီး ဘယ်သူတွေက တာဝန်ယူဆောင်ရွက်မယ်ဆိုတာကိုတော့ လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်နိုင်တယ်လို့ သိရပါတယ်။

မတရားအသင်း အက်ဥပဒေကို ကိုလိုနီခေတ်ဖြစ်တဲ့ ၁၉ဝ၈ ခုနှစ်မှာ အင်္ဂလိပ် အစိုးရက ပြဌာန်းခဲ့တာဖြစ်ပါတယ်။

တပ်မတော်အစိုးရ လက်ထက်မှာလည်း အဲဒီမတရားအသင်း အက်ဥပဒေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့ပါတယ်။

မကြာသေးခင်ကလည်း တအာင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ အခမ်းအနားကို သွားရောက် သတင်းယူခဲ့တဲ့ ဧရာဝတီသတင်းဌာနနဲ့ DVB သတင်းဌာနတို့က သတင်းထောက် ၃ ယောက်ကို တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်ထားပါတယ်။

အဲဒီမတရားအသင်း အက်ဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ရုပ်သိမ်းပေးဖို့အတွက် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့ပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမယ့် အများစုက ကန့်ကွက်တာကြောင့် မပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။