SSA ဝမ်ဟိုင်းတပ်နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား


2016.04.11
sspp-ssa-620.jpg SSPP/SSA ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ SSA ဝမ်ဟိုင်းတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး တပ်ဖွဲ့ဝင် ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

SSA အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းဘက်ကို နယ်မြေကျော်ဝင်ရောက်လှုပ်ရှားတာကြောင့် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ ပြီးခဲ့တဲ့မတ်လ ၂၈ နဲ့ ၂၉ ရက်တွေမှာ မူဆယ်မြို့နယ် တီးမား၊ မုံးပေါ်နဲ့ ပန်းနားကျေးရွာတေွမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး SSA တပ်ဖွဲ့ဝင် ၂၀ ဦး ဖမ်းဆီးရ မိထားတယ်လို့ ဖော်ပြထား တာပါ။

SSA ဝမ်ဟိုင်းအဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်က ဝမ်ဟိုင်းဌာနချုပ်မှာ အခြေစိုက်တာဖြစ်ပြီး အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ် ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး SSPP အဖွဲ့ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကလည်း မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ပြည်ထောင်စုလမ်းမကြီးနဲ့ ပန် လုံ ၄ လမ်းထိပ်နေရာမှာ ပစ္စတိုတစ်လက်နဲ့ ကျည် ၁၅ တောင့်တို့နဲ့အတူ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရာမှာ အသုံးပြုမယ့် ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ SSA တပ်ဘက်က ဦးရေကို ဖော်ပြထားခြင်းမရှိဘဲ လက်နက်ခဲယမ်းတွေနဲ့အတူ ဘိန်းဖြူ နဲ့ မူးယစ်ဆေးဝါးအချို့လည်း လက်ရဖမ်းမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။