တိုက်ပွဲတွေ ရပ်တန့်ရေး၊ တပ်ပြန်ဆုတ်ရေး SSPP နဲ့ အစိုးရ သဘောတူညီ


2015.12.10
sspp-ssa-620.jpg SSPP/SSA ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နှစ်ဘက်တပ်တွေ မူလနေရာကို ဆုတ်ခွာဖို့ အတွက် သဘောတူညီမူရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့က အစိုးရအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဘက်တပ်တွေ ဆုတ်ခွာဖို့ သဘောတူခဲ့တာလို့ ရှမ်းပြည်တပ်မတော် SSPP/SSA က ပြောရေးဆိုခွင့်ရှိသူ စိုင်းဖုန်းဟန်က ပြောပါတယ်။

"နှစ်ဘက်တပ်များကို ကျနော်တို့ရင်ဆိုင်နေတဲ့ တပ်ပေါ့နော်၊ ဒီဟာကိုပြန်ပြီးတော့ခွာဖို့ရယ် ပြီးတော့ ကျောင်းတွေပြန်ဖွင့်ဖို့ကိစ္စပေါ့၊ မိုင်းရှူး မိုင်းနောင် ကားလမ်းကို ကျနော်တို့ ပြန် ပြီးတော့ လွတ်လွတ်လပ်လပ် သွားနိုင်အောင်ဆိုပြီးတော့ ဒါလေးပဲကျနော်တို့ အကြမ်းဖျင်းအားဖြင့် ကျနော်တို့ တင်ပြခဲ့ပါတယ်"

ဒါ့အပြင် မိုင်းရှူး-မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်းက နှစ်ဘက်တပ်တွေ ဆုတ်ခွာဖို့နဲ့ မိုင်းနောင်မြို့မှာ ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

SSPP/SSA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင်း ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေ ရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပြီး အဲ့ဒီကိစ္စကို တိုက်ပွဲဖြစ်နေတဲ့ နှစ်ဘက်တပ်တွေ ဆုတ်ခွာပြီးမှ ဒုတိယအဆင့်အနေနဲ့ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးရင် တိုက်ပွဲအခြေအနေ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်လို့ ပြောခဲ့ပေမယ့် ရှမ်းပြည်တပ်မတော် SSPP/SSA အနေနဲ့ လက်ရှိမှာ တိုက်ပွဲတွေ ရပ်တန့်ရေးကိုသာ ဦးစားပေးဆောင်ရွက် သွားမယ်လို့ စိုင်းဖုန်းဟန်က ပြောပါတယ်။

အလားတူ တိုက်ပွဲတွေ တကယ်ရပ်တန့်သွားမလားဆိုတာဟာ နှစ်ဘက်တပ်တွေ ဘယ်အတိုင်းအတာ အထိ နောက်ပြန်ဆုတ်ခွာနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။

ရှမ်းပြည်တပ်မတော် SSPP/SSA ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခု နှစ်က  တောင်ကြီးမြို့မှာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။