SSPP/SSA တပ်တွေ လဲချားမြို့နယ်ကနေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေး

RFA Burmese
2023.06.13
SSPP/SSA တပ်တွေ လဲချားမြို့နယ်ကနေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေး ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ရှမ်းပြည်နယ်အတွင်းတွင် တွေ့ရသည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ဝင်တချို့။
SSPP/SSA

ရှမ်းပြည်နယ်လဲချားမြို့နယ်မှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်စခန်းဆယ်ခု ဆုတ်ခွာပေးဖို့ စစ်ကောင်စီဘက်က ဇွန်လ ၉ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ နှစ်ကြိမ်စာပို့ပြီး ဖိအားပေးလာတယ်လို့ SSPP က ပြောပါတယ်။

စစ်ကောင်စီက စခန်းတွေဆုတ်ပေးဖို့ ဖိအားပေးနေပေမဲ့ ဆုတ်ပေးမှာမဟုတ်ဘူးလို့ SSPP ပြောခွင့်ရ ဗိုလ်ကြီးသီဟရာဇာက RFA ကို ပြောပါတယ်။

"သူတို့က ခြိမ်းခြောက်တဲ့ သဘောပေါ့၊ ပြန်ဆုတ်ပေးဖို့တော့ မရှိဘူး၊ လောလောဆယ်တော့ ကိုယ့်စခန်းမှာပဲ ကိုယ်နေတာ။ သူတို့ကလာပစ်ရင်တော့ တစ်မျိုးဖြစ်သွားမှာပေါ့"

စစ်ကောင်စီက ဆုတ်ပေးဖို့ ဖိအားပေးတဲ့တပ်စခန်းတွေဟာ လဲချားမြို့တောင်ဘက်မှာရှိပြီး SSPP/SSA ခိုလမ်တိုင်းစစ်ဌာနရဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့နေရာတွေ ဖြစ်သလို ဌာနချုပ်လုံခြုံရေးအတွက်လည်း အဓိကကျတဲ့နေရာတွေဖြစ်တယ်လို့ SSPP ပြန်ကြားရေးဌာန စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီအတောအတွင်း စစ်ကောင်စီဘက်က လဲချားဒေသမှာ စစ်အင်အားရာနဲ့ချီ ဖြည့်တင်းနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း မိုင်းရှူးမြို့နယ်က SSPP တပ်စခန်းသုံးခုနဲ့ ပင်လုံမြို့နယ်မှာရှိတဲ့ ဆင်နင်းတောင်ကြောတစ်ဝိုက်က တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)ဟာ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ် လက်မှတ် ထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။