စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးစိန်ခေါ်မှု

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2022.07.05
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးစိန်ခေါ်မှု စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှ ဟင်းသီးဟင်းရွက်ရောင်းနေသည့် လမ်းဘေးဈေးသည်တစ်ဦး - ၁ဝ အောက်တိုဘာ ၂ဝ၂၁
AFP

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံလာနေတဲ့ စီးပွားရေး ကမောက်ကမဖြစ်မှုတွေကို စစ်ကောင်စီအနေနဲ့ ဖြေရှင်းနိုင်ပါ့မလားဆိုတာ ပြည်တွင်း-ပြည်ပက သံသယနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

လက်ရှိမှာဆိုရင် အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေရဲ့ နောက်ဆက်တွဲ မြန်မာနိုင်ငံတွင်းမှာ ဒေါ်လာရှားပါးမှုပြဿနာနဲ့ မြန်မာငွေကြေးဖောင်းပွမှု ပြဿနာတွေကို ရင်ဆိုင်နေရတာပါ။

ဒီပြဿနာကို ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နည်းလမ်းမျိုးစုံထဲမှာ - အခုနောက်ဆုံး တရုတ်ပြည်တင်ပို့တဲ့ ပြောင်း၊ ရာဘာနဲ့ ပဲမျိုးစုံ တင်ပို့မှုကို ဒေါ်လာနဲ့ပဲ ရောင်းချရမယ်ဆိုပြီး စစ်ကောင်စီက တနင်္ဂနွေမှာပဲ ကုန်သည်တွေကို အကြောင်းကြားခဲ့ပါတယ်။

အရင်က တရုတ်ယွမ်ငွေနဲ့ ပေးချေနိုင်ပေမဲ့ အခု ဒေါ်လာတမျိုးတည်းနဲ့ပဲ တင်ပို့ရောင်းချခွင့် သတ်မှတ်လိုက်တာကြောင့် ဈေးကွက်မတည်ငြိမ်မှုတွေဖြစ်ပြီး၊ နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာလာပါတယ်။ 

ဒါ့အပြင် လောလောဆယ် မြန်မာနိုင်ငံမှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကနေ သတ်မှတ်ထားတဲ့ ဒေါ်လာပေါက်ဈေးဟာ တစ်ဒေါ်လာကို ၁၈၅ဝ ကျပ်ဖြစ်ပါတယ်။ ပြင်ပဒေါ်လာငွေလဲလှယ်တဲ့ဈေးက တစ်ဒေါ်လာကို ၂,၁ဝဝ ကျော်အထိ ပေါက်နေတာပါ။

“အနှေးနဲ့အမြန် ၃,ဝဝဝ လောက်အထိ ဖြစ်သွားနိုင်တယ်ဗျ။ လယ်သမားတွေကလည်း စစ်တိုက်နေရတာ။ မိုးပြီးရင်လည်း အထွက်နှုန်းက နည်းမယ်။ ရောင်းရင်လည်း ဈေးနှိမ်ခံရမယ်။ ဘာအာမခံချက်မှ မရှိဘူး။ စစ်ကောင်စီကလည်း ဒေါ်လာကိုပဲ လိုချင်နေတာ။ လုပ်ငန်းရှင်တွေကျတော့လည်း ပြည်တွင်းမှာ လုပ်ငန်းလုပ်ရတာ ဘာအာမခံချက်မှ မရှိတော့ - ထိုင်းဘက်ကိုသွား၊ ဒေါ်လာဝယ်ပြီးတော့ပဲ ထိုင်းမှာ လုပ်ငန်းလုပ်ဖို့ကို ပြင်ဆင်လာကြတယ်။ နိုင်ငံရေးပယောဂကြောင့် ပြည်တွင်းမှာ ထုတ်ကုန်ကလည်း ကျဆင်းလာပြီး၊ ဝယ်လိုအားပဲ များလာတယ်။” - လို့ စီးပွားရေးလုပ်ငန်းရှင် ဦးဉာဏ်လင်းဦးက ပြောပါတယ်။

ဒါတင်မကသေးပါဘူး။ အခုဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေကလည်း လုပ်ငန်းတွေ ရပ်ဆိုင်းပြီး၊ အသီးသီး ထွက်ခွာကြဖို့ ပြင်ဆင်လာနေပါတယ်။

အခုနောက်ဆုံး ကမ္ဘာ့အကြီးဆုံး ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ တိုတယ်ရေနံကုမ္ပဏီဟာဆိုရင် ဒီဇူလိုင်လထဲမှာပဲ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။ တိုတယ်နဲ့အတူ အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Chevron နဲ့ သြစတြေးလျကုမ္ပဏီ Woodside တို့ကလည်း ထွက်ခွာတော့မယ်လို့ ဒီနှစ်ဆန်းကပဲ ကြေညာခဲ့တာပါ။ ဒီကုမ္ပဏီတွေဟာဆိုရင် EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နှစ်စဉ် အခွန်ပေးဆောင်နေရတာဖြစ်ပါတယ်။

အလားတူ မြန်မာစစ်တပ်နဲ့ စီးပွားရေးစပ်တူလုပ်နေတဲ့ ဂျပန် Kirin ဘီယာကုမ္ပဏီကလည်း သူ့အစုရှယ်ယာအားလုံးကို ရောင်းချပြီး မကြာခင် မြန်မာနိုင်ငံကနေ ထွက်ခွာသွားတော့မှာဖြစ်ပါတယ်။

Kirin ကုမ္ပဏီက ဒေါ်လာ ၁၆၄ သန်း တန်ဖိုးရှိတဲ့ သူ့အစုရှယ်ယာအားလုံးကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ကို ရောင်းချမယ်ဆိုတဲ့အကြောင်း ကြာသပတေးနေ့ကပဲ ကြေညာခဲ့တာပါ။

Kirin ရဲ့ ဒီကြေညာချက်ဟာ - တာဝန်မဲ့ထွက်ခွာမှုဖြစ်ပြီး၊ စစ်အုပ်စုကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်တယ်လို့ - အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Justice for Myanmar က အဲ့ဒီနေ့မှာပဲ ပြောဆိုခဲ့ပါတယ်။

Justice for Myanmar ပြောခွင့်ရသူ မရတနာမောင် က - “Kirin ရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာစစ်အုပ်စုအတွက် ရွှေမိုးငွေမိုး ရွာသွန်းပေးသလို ဝင်ငွေတိုးသွားတာဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ စိတ်ကြိုက်ကျူးလွန်ဖို့ အခွန်ဘဏ္ဍာငွေစီးချောင်းတစ်ခု ဆက်ရသွားတာဖြစ်ပါတယ်။”

Kirin ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ သူ့ရဲ့ အစုရှယ်ယာတွေကို အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေအပါအဝင် အပြင်ကုမ္ပဏီတွေကို ရောင်းချဖို့ ကြိုးစားခဲ့ပေမဲ့ - စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေအပေါ် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်လာချိန်မှာ Kirin ကုမ္ပဏီအနေနဲ့ အပြင်ကုမ္ပဏီတွေကို ရှာမရခဲ့ဘူးလို့ ဂျပန် Nikkei Asia က ရေးသားထားပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကနေ နောက်ထပ်ထွက်ခွာမယ့် နိုင်ငံခြားကုမ္ပဏီတွေမှာ ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos နဲ့ တောင်ကိုရီးယား သံမဏီကုမ္ပဏီ Posco၊ ဂျာမနီစားသောက်ကုန်ပစ္စည်း လက်ကားရောင်းချတဲ့ကုမ္ပဏီ Metro၊ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor လည်း ပါဝင်ပါတယ်။

Telenor ဟာဆိုရင် သူ့ရဲ့လုပ်ငန်းအားလုံးကို ဒေါ်လာ ၁ဝ၅ သန်းနဲ့ လက်ဘနွန် M1 Group ကို ရောင်းချခဲ့တာပါ။

ဒါကြောင့် အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ ထွက်ခွာသွားပြီး၊ ပြည်တွင်းမှာလည်း ကုန်ထုတ်စွမ်းအား ကျဆင်းမှု၊ ငွေကြေးမတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာ အာဏာသိမ်းစစ်ကောင်စီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်စဉ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချန်လှပ်ခဲ့တာပါ။ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးအခြေအနေဟာ မသေချာမှုတွေ မြင့်တက်နေတဲ့အတွက် ချန်လှပ်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။