ဘတ်စ်ကားခ လျှော့ချရေး ကလေးမြို့မှာ ကျောင်းသားများ လမ်းလျှောက် အရေးဆို

ကလေးမြို့မှာ ကျောင်းကားခတွေ ရုတ်တရက် မြှင့်တင်လိုက်တဲ့အတွက် တက္ကသိုလ် ကျောင်းသား ၃၀၀ ခန့်က အာဏာပိုင်တွေဆီမှာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ မနက် အရေးဆို တင်ပြကြတယ်လို့ သတင်းရရှိပါတယ်။

2011.01.12

ဇန်နဝါရီ ၁၀ ရက် ပြီးခဲ့တဲ့ တနင်္လာနေ့က ကလေးမြို့ BOC ဓာတ်ဆီဆိုင် မီးလောင်ပြီးတဲ့နောက် လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်သွားခဲ့ပြီး၊ ကျောင်း ဘတ်စ်ကားခတွေကိုလည်း အရင်က အသွားအပြန် ၁၀၀ ကျပ်ကနေ အခု အသွားအပြန် ၄၀၀ ကျပ်ထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ဒါကြောင့် ကလေးမြို့ရဲ့ မြို့ပြင်တွေမှာ တည်ဆောက်ထားတဲ့ GTC တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နဲ့ ကလေးတက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေက ဒကစ (ဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်) ရုံးထိ ခရီးရှည် လမ်းလျှောက်ပြီး ဘတ်စ်ကားခတွေ လျှော့ပေးဖို့ အရေးဆိုခဲ့ကြတယ်လို့ ဒေသခံတဦးက RFA ကို ပြောပါတယ်။

“ကလေးတွေက ကားခ မတတ်နိုင်တဲ့ အခြေအနေ ဖြစ်သွားတဲ့အခါကျတော့ အဲဒီ တက္ကသိုလ်ကြီး သုံးခုကနေပြီး ကျောင်းသား ကျောင်းသူတွေက နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲ လမ်းလျှောက် ချီတက်လာကြပြီးတော့ ဒကစ ရုံးရှေ့ကို သွားပြီးတော့ အရေးဆို တောင်းဆိုကြတာဗျ။ မနက် ၅ နာရီလောက်ကတည်းက ခြေလျင် လျှောက်ခဲ့ကြတာဗျ။ သူတို့ မိုင်ရှည်ကြီးပဲဗျ၊ လမ်းလျှောက်ကြတာ။”

အဲဒီလို ကျောင်းသားတွေ ညီညီညွတ်ညွတ်နဲ့ အရေးဆိုလိုက်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ကျောင်းကားကို အသွား ၁၀၀ ကျပ်-အပြန် ၁၀၀ ကျပ်နှုန်း ဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ပေးလိုက်တဲ့အတွက် ကျောင်းသူ ကျောင်းသားတွေလည်း လက်ခံလိုက်ကြတယ်လို့ ပြောပါတယ်။

မနက် ၅ နာရီခန့်က စတင်ပြီး လမ်းပေါ်ထွက် အရေးဆို ဆန္ဒပြတာတာ တက္ကသိုလ် ကျောင်း ၃ ကျောင်း ပေါင်းရင် ၈၀၀ ခန့် ရှိတယ်လို့လည်း အိန္ဒိယအခြေစိုက် မဇ္ဈိမသတင်းဌာနက ရေးသားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်ကလည်း စစ်အစိုးရက လောင်စာဆီဈေးနှုန်းတွေ အဆမတန် တိုးမြှင့် သတ်မှတ် လိုက်တဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ စစ်အစိုးရက လောင်စာဆီ ရောင်းချခွင့်ကို ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်။

ဒါပေမဲ့ တင်သွင်းမှုနဲ့ သုံးစွဲမှု လုံလောက်အောင် မဆောင်ရွက်နိုင်သေးတဲ့အတွက် ဓာတ်ဆီကို လိုအပ်သလောက် မရောင်းပေးနိုင်သလို ပြင်ပမှာလည်း မှောင်ခိုဈေးနှုန်းနဲ့ ရောင်းဝယ်တဲ့စနစ် ဆက်လက် တည်ရှိနေပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။