ကျောင်းသားတွေကို လွှတ်ပေးဖို့ ဗကသများအဖွဲ့ချုပ် တောင်းဆို

ရွေးကောက်ပွဲမှာ မဲမပေးဖို့ လူံ့ဆော်ခဲ့တဲ့ ဒဂုံတက္ကသိုလ်နဲ့ မှော်ဘီဂျီတီစီက ကျောင်းသားတွေကို ဖမ်းဆီးထားရာကနေ အမြန်ဆုံး လွှတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) က စက်တင်ဘာ ၂၉ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြီး စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

2010.09.29
anti-election_japan_305_Z မြန်မာ စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ တိုကျိုမြို့တွင် သြဂုတ်လ ၈ ရက် ရှစ်လေးလုံး အထိမ်းအမှတ်နေ့က ကန့်ကွက် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ယခု စက်တင်ဘာလအတွင်း စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲမပေးရေး လှုံ့ဆော်စာတွေ ဖြန့်ဝေမှုနဲ့ ကျောင်းသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒီကျောင်းသားတွေဟာ မတရား ဖမ်းဆီးချုပ်နှောင်ခံရတာ ဖြစ်တဲ့အတွက် သူတို့တွေ လွတ်မြောက်ရေးအတွက် အခုလို တောင်းဆိုတာ ဖြစ်ကြောင်း သိရပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ ဗကသများ အဖွဲ့ချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က RFA ကို အခုလို ရှင်းပြပါတယ်။

လူသားတိုင်းမှာ ရှိနေတဲ့ အခွင့်အရေးကို ရှေ့ကနေ ဦးဆောင်ပြီးတော့ ပြောကြားတဲ့အတွက် ဒီကျောင်းသားတွေကို ဖမ်းဆီးခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြောက်ဥက္ကလာမြို့နယ်က ကျောင်းသားလူငယ်တွေ ဖြစ်ကြတဲ့ မောင်သာထူးအောင်၊ မောင်ဇင်မင်းထက် ၊ မောင်ကျော်သီဟ (ခ) ကျော်ကျော် ၊ မောင်ဇာနည်လင်း ၊ မောင်ကျော်သူစိုး နဲ့ မောင်ရဲလင်းဖြိုးတို့ဟာ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ မဲမပေးဖို့ လှုံ့ဆော်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့အတွက် အခုလ ၁၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်အစိုးရ ထုတ်ပြန်ထားတဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပါ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ပြဌာန်းချက်အရသော်လည်းကောင်း၊ မြန်မာစစ်အစိုးရကိုယ်တိုင် ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းအရလည်းကောင်း လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နဲ့ လွတ်လပ်စွာ ဖော်ပြနိုင်ခြင်း ရှိကြောင်း ဖော်ပြထားပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေ ပုဒ်မတွေအတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့ ကျောင်းသားတွေကို အခုလို မတရားဖမ်းဆီးမှုအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ဒီကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးရန်နဲ့ ကျောင်းသားလူငယ်တွေက တိုးမြှင့် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။