လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

နိုင်ငံရေးလုပ်တဲ့အခါမှာ လွှတ်တော်တွင်း နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးရှိရမှာ ဖြစ်တဲ့အတွက် NLD အဖွဲ့ချုပ်ဟာ ဒီနေ့ကာလမှာ လွှတ်တော် ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

2011.02.24
assk_egress_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) အား ဖေဖော်ဝါရီ ၂၄ ရက်နေ့က လာရောက် တွေ့ဆုံ ဆွေးနွေးသော မြန်မာ အီးဂရက်စ် သင်တန်းသူ သင်တန်းသားများနှင့်အတူ NLD ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo Courtesy of Myanmar Egress)
(Photo Courtesy of Myanmar Egress)

ဒီကနေ့ မနက်မှာ ရန်ကုန်မြို့အခြေစိုက် မြန်မာအီးဂရက်စ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာအီးဂရက်စ်အဖွဲ့ဝင်တွေက အခုချိန်မှာ လွှတ်တော်ပေါ်လာတဲ့အပြင် အစိုးရအဖွဲ့လည်း ပေါ်လာပြီ ဖြစ်ကြောင်း ပြောဆိုဆွေးနွေးတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးချက်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ရှင်းပြလိုက်တာလို့ အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က RFA ကို ပြောပါတယ်။

“ဒေါ်စု ရှင်းပြလိုက်တာကတော့ နိုင်ငံရေးမှာ လွှတ်တော်ထဲမှာ အတိုက်အခံ အပြင်ကို လွှတ်တော် ပြင်ပမှာ နိုင်ငံရေး ရှိသင့်တယ်၊ ရှိလည်း ရှိရမယ်။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ ဥစ္စာက လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှု လုပ်နေတာ။ နောက်တခုက နိုင်ငံရေးသမား မှန်လို့ရှိရင် တပ်မတော်သားပဲဖြစ်ဖြစ်၊ ဘာပါတီကမဆို ပြည်သူလူထုကို မလှည့်ဖြားရဘူး၊ ရိုးသားဖြောင့်မတ်ရမယ်၊ အဲဒီ ရိုးသား ဖြောင့်မတ်တဲ့ ပေတံနဲ့ပဲ တိုင်းရမယ်ဆိုပြီး သူတို့ကို ရှင်းပြလိုက်တာပေါ့။ တော်တော်များများကတော့ ဘဝင်ကျသွားကြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတဲ့ အီးဂရက်စ်အဖွဲ့မှာ သင်တန်းဆရာ တဦး အပါအဝင် သင်တန်းသူ သင်တန်းသားတွေနဲ့ စုစုပေါင်း ၁၁ ဦးလောက် ပါဝင်ပါတယ်။ သူတို့ကို အန်အယ်ဒီ ဌာနချုပ် ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပြပါတယ်။

“ဒီနေ့ အထွေထွေ အတွင်းရေးမှူးက မနက် ၁၁ နာရီမှာ မြန်မာ အီးဂရက်စ် သင်တန်းက သင်တန်းသား သင်တန်းသူ ၁၁ ယောက်၊ နောက် ပြည်တွင်းက ဆရာတယောက် အဖွဲ့ချုပ်ရုံးမှာ ရှိတဲ့ သူ့ရဲ့ ရုံးခန်းမှာပဲ လက်ခံပြီးတော့ တွေ့ဆုံပါတယ်။ တနာရီလောက် ကြာပါတယ်။ တက်ရောက်လာတဲ့ ကလေးတွေက အဲ လွှတ်တော်အကြောင်း၊ အစိုးရ ဖွဲ့စည်းတဲ့အကြောင်း၊ အဲဒီကိစ္စတွေ မေးကြပါတယ်။ အဲဒါကို အထွေထွေ အတွင်းရေးမှူးက စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားပါတယ်။”

မြန်မာအီးဂရက်စ်အဖွဲ့က လူငယ်တွေနဲ့ တွေ့ဆုံပွဲဟာ ၁၂ နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ ပြုလုပ်တဲ့ အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာတော့ လာမဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို စည်စည်ကားကား ကျင်းပနိုင်ဖို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည် ၁ နာရီမှာ နိုင်ငံရေးနှင့် ဘောဂဗေဒ ဆိုတဲ့ခေါင်းစဉ်နဲ့ လူငယ်ပညာပေး ဆွေးနွေးပွဲတရပ်ကို အန်အယ်ဒီ ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစောနိုင်းနိုင်းနဲ့ စီးပွားရေးပညာရှင် ဦးမျိုးမြင့်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး လူကြီးလူငယ် တက်ရောက်သူ စုစုပေါင်း ၆၀ ကျော်လောက် ရှိပါတယ်။

နိုင်ငံရေးနဲ့ ဘောဂဗေဒ ဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သက်လို့ ဦးဆောင် ဆွေးနွေးခဲ့သူတဦး ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောနိုင်းနိုင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။