ရွာသားတွေ ရိုက်နှက်ခံရမှု တအာင်း အမျိုးသမီးအဖွဲ့ သတင်းစာ ရှင်း လင်းပြောကြား


2016.01.05
ta-ang-press-620.jpg ပလောင်ဒေသက ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းတို့ ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
Photo: Zarni Htun/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အစိုးရ တပ်မတော်နဲ့ ပန်းဆေးဌာနေပြည်သူ့ စစ်အဖွဲ့တို့က ဒေသခံရွာသူရွာသားတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဒီနေ့ ပြောပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းနဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က ပလောင်ဒေသမှာ ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ်မှာ နေအိမ်ဖျက်ဆီးခံရတာတွေ၊ အကြမ်းဖက်ရိုက်နှက်ခံရတာတွေရှိနေကြောင်း တအာင်းအမျိုးသမီးအဖွဲ့ အစည်းရဲ့ အထွေထွေအတွင်းရေးမှူး မလိုည်း (လွေး) ပိုးငယ် က အခုလို ပြောပါတယ်။

"သူတို့ကရွာထဲမှာ ဝင်လာသမျှလူတွေ ရွာသားတွေအပါအဝင် ၇ဝ ကိုဖမ်းပြီးတော့မှ ၂၄ ရက်နေ့မှ ပြန်လွှတ်ပေး လိုက်တာတော့မဟုတ်ဘူး၊ သူတို့ထွက်သွားလို့ လွတ်လာတဲ့ သဘောရှိတယ်၊ ရွာသားတစ်ယောက်ကိုလဲ ရိုက်နှက်နှိပ်စက်တာပေါ့နော်၊ အဲ့လိုကိစ္စ တွေကိုကြည့်မယ်ဆိုရင် မင်းမဲ့စရိုက်တအားဆန်တာပေါ့နော်၊ အစိုးရတပ်မတော် သာမက ပြည်သူ့စစ်ကပါ ဝိုင်းဝန်းပြီးတော့ ပြည်သူလူထုကို နှိပ်စက်နေတဲ့အတွက် ဒါဟာမတရားဘူး၊ ဒီလိုမတရားတာကို ကျမတို့ ကဖော်ထုတ်မှာဖြစ်တယ်"

အစိုးရတပ်မတော် တပ်ရင်း ၃၂၄ နဲ့ ပန်းဆေးဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၃ရက်နေ့ကစပြီး နမ့်ခမ်းမြို့နယ် စေကင်း၊ မန့်ပန်၊ မန်ပူး၊ ပန်ယုတ် စတဲ့ ကျေးရွာတွေက ဒေသခံတွေကို ရိုက်နှက်တာ၊ ရွာခံတွေကို ဖမ်းဆီးသွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီလိုလူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့နဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်တာ၊ အတင်းအဓမ္မ ပစ္စည်းလုယူတာတွေ ထမ်မံမပြုလုပ်အောင် တားမြစ်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့ အစည်းနဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ က ကြေညာချက်ထုတ်လိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်ရိုက်နှက်ခံခဲ့ရတဲ့ စေကင်းရွာသား ၃ ဦးလည်း တက်ရောက်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။