စစ်ကြောင်းကြောင့် ဒီပဲယင်းမြို့နယ်မှာ ထွက်ပြေးရသူ တစ်သောင်းကျော်ရှိလာ

RFA Burmese
2023.12.19
စစ်ကြောင်းကြောင့် ဒီပဲယင်းမြို့နယ်မှာ ထွက်ပြေးရသူ တစ်သောင်းကျော်ရှိလာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပုဂံကျေးရွာမှ နေအိမ်နှင့် စပါးကျီများအား စစ်ကောင်စီတပ် မီးရှို့ခဲ့သည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုး နေတာကြောင့် ဒီဇင်ဘာလ ၁၉ ရက်ဒီနေ့အထိ ထွက်ပြေးရတဲ့ ဒေသခံ တစ်သောင်းကျော် ရှိလာပြီလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှီ ဒီပဲယင်းမြို့နယ်ထဲက မုတ်စီ၊ ငြုတ်တုံ၊ ညောင်လှမူးဆုံ၊ ပျော်ဘွယ်၊ မစိုးရိမ်၊ ကံပြား၊ အောင်ချမ်းသာ၊ ပင်စည်၊ ခွင့်တောင်း၊ ပုဂံ၊ လက်တီး၊ ယင်းတွေ၊ ငြိမ်းချမ်းရွာသစ်၊ မဲသည်၊ ဝပါ၊ မှန်သာနဲ့ အင်းတန်း စတဲ့ရွာတွေက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား အင်အားရှစ်ဆယ်ခန့်ဟာ ဒီဇင်ဘာ ၁၆ ရက်ကစလို့ ဒီပဲယင်း မြို့နယ်ထဲကို ဝင်ရောက်လာတာဖြစ်ပြီး ဒီနေ့အထိရှိနေသေးတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်များကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူ ကိုမိုးတိမ်က RFA ကို ပြောပါတယ်။

“စစ်ကြောင်းထိုးတာ ဒီနေ့အထိဆိုရင် လေးရက်ရှိပြီ။ လေးရက်အတွင်းမှာ စစ်ကြောင်းထိုးခံရတဲ့ ရွာတွေနဲ့ အနီးအနားရွာက စစ်ဘေးရှောင် တစ်သောင်းကျော် ထပ်တိုးလာတာပါ။ စစ်ကြောင်းက ဒီနေ့တော့ ယင်းတွေရွာဘက်ကို ဝင်နေတယ်”

စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာ ၁၆ ရက်က ဒီပဲယင်းမြို့နယ် မစိုးရိမ်ရွာမှာရှိတဲ့ ဆီဆိုင်အဟောင်းနှစ်ခုကို မီးရှို့ဖျက်ဆီးခဲ့သလို ဒီဇင်ဘာ ၁၇ ရက်နေ့မှာလည်း အောင်ချမ်းသာရွာက ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောင်ချမ်းသာရွာခံတစ်ဦးရဲ့ စပါးရောင်းရငွေနဲ့ ရွှေထည်ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီပဲယင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ခေတ်မကောင်းတဲ့အချိန်မှာ စပါးကိုလည်း အသက်အန္တရာယ်ကြားက စိုက်ရတယ်၊ စိုက်ပြီးရောင်းရငွေကိုလည်း စစ်ကောင်စီက ယူသွားပြန်တယ်။ ရွှေထည်ပစ္စည်းတွေ လည်း ယူသွားတယ်ပြောတယ်။ စစ်ကြောင်းကတော့ ဒီပဲယင်းမြို့နယ်ထဲမှာပဲ ရှိနေသေးတယ်”

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၇ ရက်ညနေပိုင်းမှာ ပင်စည်ရွာ၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ခွင့်တောင်းရွာနဲ့ ပုဂံရွာတွေကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့သလို ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာတော့ ယင်းတွေရွာကို စစ်ကြောင်းဆက်ထိုးနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။