တမူးတိုက်ပွဲ စစ်ကောင်စီဘက်က ၁၇ ဦး သေဆုံးကြောင်း PDF ပြော

2021.08.23
တမူးတိုက်ပွဲ စစ်ကောင်စီဘက်က ၁၇ ဦး သေဆုံးကြောင်း PDF ပြော တမူး PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဥ်
Photo: TSG
စစ်ကိုင်းတိုင်း တမူးမြို့မှာ သြဂုတ်လ ၂၃ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တမူး ပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ဒီတိုက်ပွဲမှာ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဟာ တမူးမြို့နဲ့ ငါးမိုင်ခန့်ဝေးတဲ့ အာရှလမ်းမကြီး အနီးမှာ ဒီနေ့မနက်ငါးနာရီကစလို့ ၁၀ နာရီလောက်အထိ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြတာလို့လည်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မနက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးသလို RFA က စစ်ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဒီနေ့ညနေက ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

တမူးမြို့နယ်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်စစ်ကြောင်းကို တမူးပြည်သူ့ ကာကွယ်ရေးတပ်က ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တမူးမြို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူကာကွယ်ရေး တပ်ဖွဲဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ၁၀ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ထက်မနည်း သေဆုံးကာ အရပ်သားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူ ၁၀ ခန့် သေဆုံး ခဲ့တယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-08-23 20:23

Cheers Tamu PDF
The revolution must prevails