တမူးကနေ ကလေးမြို့ကို ဆေးကုသဖို့ သွားလာခွင့် ကန့်သတ်
2024.10.20
စစ်ကိုင်းတိုင်း တမူးမြို့နယ်နဲ့ ကလေးမြို့ အသွားအလာတွေကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေလုပ်ပြီး ဆေးကုသဖို့ လာတဲ့လူနာတွေကို ကလေးမြို့ထဲ ဝင်ခွင့်ကန့်သတ်လိုက်တယ်လို့ ကလေးဒေသခံတွေက RFA ကို အောက်တိုဘာ ၂၀ ရက် ဒီနေ့ပြောပါတယ်။
ဒီရက်ပိုင်းမှာပဲ တမူးမြို့ကနေ ကလေးမြို့ကို ဆေးကုသဖို့လာတဲ့ လူနာတွေကို ကလေးမြို့အဝင် စစ်ဆေးရေးဂိတ်က ဝင်ခွင့်မပြုဘဲ လှည့်ပြန်ခိုင်းတာတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တချို့က ကားတွေကို ဂိတ်မရောက်ခင်ရပ်ပြီး ဆိုက်တွဲငှားပြီး မြို့ထဲကို ဝင်ကြရတာ။ ဒီရက်ပိုင်းမှာလည်း အရေးပေါ် လူနာပေါ့။ ကလေးမြို့ ဆေးရုံးတက်ဖို့ လာကြတာ။ ကလေးမြို့ အဝင်လမ်းကနေ ဝင်ခွင့်မပြုတာ ပြန်လှည့်ခဲ့ရတာမျိုးရှိတယ်”
စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်က ဘယ်လိုအကြောင်းပြချက်မှမပြောဘဲ လှည့်ပြန်ခိုင်းခဲ့တာလို့ သူက ပြောပါတယ်။
အိန္ဒိယ-မြန်မာ တမူး-မိုးရေး နယ်စပ်ကုန်သွယ်ရေး ပိတ်ထားတာကြောင့် တမူးမြို့နယ်က ဒေသခံတွေဟာ ကလေးမြို့ကနေ စားသောက်ကုန် အပါအဝင် ကျန်းမာရေးအတွက် ဆေးခန်းပြတာကအစ ကလေးမြို့ကို လာကြရတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး တမူး-ကလေး ကားလမ်းမကြီးပေါ် သွားလာမှုကို ကန့်သတ်တာ၊ တင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေ ပြုလုပ်လာပြီးနောက် အောက်တိုဘာလကစပြီး ကုန်စည် သယ်ယူခွင့်ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
တမူးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ တမူးမြို့နယ်ထဲက ခမ်းပါတ်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတာကြောင့် အခုလို ဖြတ်တောက်မှုတွေ လုပ်တာလို့ ပြောပါတယ်။
ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို ဆန်အပါအဝင် စားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်း သယ်ယူခွင့်ကို စစ်ကောင်စီက သြဂုတ်လလယ်ပိုင်းကစပြီး အခုအချိန်အထိ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။