တနင်္သာရီဂျာနယ်အမှု ချေဖျက်ပေးဖို့ လျှောက်ထားချက် ပယ်ချခံရ
2018.07.31
တနင်္သာရီတိုင်းဒေသကြီး အစိုးရက တနင်္သာရီဂျာနယ်ကို တရားစွဲဆိုထားတာ ချေဖျက်ပေးဖို့ လျှောက်ထားချက်ကို တိုင်းတရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်အရ အခုလို တရားမစွဲသင့်ဘူးလို့ ယုံကြည်တဲ့အတွက် ဥပဒေ အတိုင်း ဆက်လက်တရားရင်ဆိုင်သွားမယ်လို့ တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ပြောပါတယ်။
"မီဒီယာလွတ်လပ်ခွင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားခွင့်ဆိုတဲ့ ထုံးစံတွေအရ ဒီဟာက ပလပ် ရမယ့် အမှုလို့ယုံကြည်တယ်၊ ဒီအမှုက မစွဲသင့်ဘူးလို့လည်း ယုံကြည်တယ်လေ၊ ဒီဟာက ကျနော်တို့တစ်ခုထဲ ရင်ဆိုင်နေရတယ်ဆိုပေမယ့် မီဒီယာလောကတစ်ခုလုံး အားလုံးနဲ့သက်ဆိုင်တယ်၊ အဲတော့ အားလုံးအတွက် လည်း အရေးကြီးတယ်လို့လည်းယူဆတယ်၊ ယုံလည်းယုံကြည်တယ် ယုံကြည်တဲ့အတိုင်းပဲ ဥပဒေကြောင်းအရ ဆက်လုပ်သွားမယ်"
ဒီနေ့တိုင်းတရားလွှတ်တော်က ပယ်ချလိုက်ပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ထံ ဆက်လက်တင်ပြသွားမယ် လို့ ဦးမျိုးအောင်က ပြောပါတယ်။
တနင်္သာရီအပတ်စဉ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ကလောင်ရှင် မူးဆေးအိုးရဲ့ " မဲဆွယ်အပြုံး "ခေါင်းစဉ်နဲ့ရေးသားခဲ့တဲ့ သရော်စာဟာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ)နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ထားဝယ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဟာ လူတစ်ဦးတစ်ယောက်ကို အသရေဖျက်စေမှုအတွက် စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားရင် ငွေဒဏ် ၃ သိန်းကနေ ၁၀ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
တနင်္သာရီဂျာနယ်ဟာ ၂၀၁၆ ခုနှစ် မေလတုန်းကလည်း "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးကို ဂျာနယ်မှာဖော်ပြခဲ့ရာ ဆောင်းပါးပါ စာသားတချို့ဟာ ကံပေါက်ဒေသမှာ သတ္တုတူးဖော်နေတဲ့ DELCO ကုမ္ပဏီကို ဂုဏ်သိက္ခာကျ ဆင်းစေတယ်ဆိုပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ရေဖြူတရားရုံးမှာ တရားစွဲဆိုခံခဲ့ရပြီး တရားရုံးက ဒဏ်ငွေ ကျပ် ၃ သောင်း ချမှတ်ခဲ့ပါတယ်။