တောင်ငူထောင်ဖောက်ပြေးသူတွေထဲက ကိုးဦး လွတ်မြောက်နယ်မြေရောက်

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.05.20
တောင်ငူထောင်ဖောက်ပြေးသူတွေထဲက ကိုးဦး လွတ်မြောက်နယ်မြေရောက် ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်ကို တွေ့ရစဉ်။
Citizen Journalist

ထောင်အာဏာပိုင်တွေဆီက သေနတ်လုပြေးတဲ့ ပဲခူးတိုင်း တောင်ငူထောင်က သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထဲက ကိုးဦး လွတ်မြောက်နယ်မြေကို ရောက်နေပြီလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က RFA ကိုပြောပါတယ်။

ထွက်ပြေးလာသူတွေအားလုံးဟာ PDF အဖွဲ့ဝင်တွေဖြစ်ပြီး တစ်ဦးကတော့ ပြန်ဖမ်းခံရတယ်ဆိုတာ မှန်ကန်ကြောင်း သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက ခြောက်လုံးပြူး တစ်လက်၊ G-3 တစ်လက်၊ ကာဘိုင် တစ်လက်နဲ့ MA 1 တစ်လက် စုစုပေါင်း သေနတ် လေးလက် ယူဆောင်ထွက်ပြေးခဲ့ကြပြီး အခုအချိန်မှာ လွတ်မြောက်နယ်မြေ ရောက်ရှိသွားပြီလို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။

မေလ ၁၈ ရက်နေ့က ထွက်ပြေးသွားသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမီဒီယာတချို့မှာ ဖော်ပြကြပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးပါဝင်ပြီး အမျိုးသားတစ်ဦးက အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

တောင်ငူထောင်ဖောက်ပြေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးတင်ဦးဆီကို RFA က မေလ ၁၈ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သူမသိဘူးလို့သာ ငြင်းဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း မကွေးတိုင်း ပခုက္ကူထောင်ကနေ PDF တပ်ဖွဲ့ဝင် ငါးဦး ထောင်ဖောက်ပြေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။