တောင်ငူထောင်က အကျဉ်းကျ PDF ၁ဝ ဦး သေနတ်လု ထွက်ပြေး

RFA( Burmese)
2023.05.18
တောင်ငူထောင်က အကျဉ်းကျ PDF ၁ဝ ဦး သေနတ်လု ထွက်ပြေး ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်ကို တွေ့ရစဉ်။
Citizen Journalist

တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ PDF လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁ဝ ဦးဟာ ထောင်အာဏာပိုင်ဆီကနေ သေနတ်တွေ လုပြီး ထွက်ပြေးသွားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

မနေ့နေ့လယ် ၃ နာရီလောက်က သူတို့တွေကို ထောင်ထဲကနေ တရားရုံးထုတ်ဖို့ ခေါ်လာချိန်မှာ ထောင်အာဏာပိုင်တွေဆီကနေ သေနတ်တွေလု ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားကြတာလို့ RFA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထွက်ပြေးလာတဲ့သူတွေကို ပဲခူးတိုင်းအခြေစိုက် အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့တစ်ဖွဲ့က သွားကယ်ခဲ့တယ်လို့ အဲဒီအဖွဲ့တာဝန်ခံက ပြောပါတယ်။

"ထောင်တွင်းတရားရုံးမှာ ၁ဝ ဦးကိုရုံးထုတ်တာ၊ အကျဉ်းဦးစီးအတွင်းမှာပဲ လုံခြုံရေးလိုက်ပါလာတဲ့ စကစတပ်ကနေ လက်နက်လု ထွက်ပြေးတယ်။ လက်နက်နှစ်လက်ရလာတယ်။ ပြန်ပစ်ပြီး ပြေးရင်း လက်နက်ထပ်ရလာတယ်။ အကျဉ်းထောင်နံရံတွေကို ချိုးဖောက်ပြီးတော့ ထောင်တွင်းတိုက်ပွဲတွေအစ၊ ပြစ်ဒဏ်အသီးသီး ကျခံနေရတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက် ညီအကိုမောင်နှမတွေရဲ့ ထောင်နံရံကို ချိုးဖောက်တဲ့ ရုန်းကန်သံတစ်ခုပဲ"

ထောင်ထဲက အာဏာပိုင်တွေနဲ့နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြရင်း ထွက်ပြေးလာသူတစ်ဦး သေဆုံးသွားပါတယ်။

ထွက်ပြေးလာသူတွေနဲ့ RFA က စကားပြောခွင့်တောင်းခဲ့ပေမဲ့ လတ်တလောခွင့်ပြုလို့မရသေးဘူးလို့ သူတို့တွေကို လက်ခံထားတဲ့ အဖွဲ့က ပြောပါတယ်။

အဲဒီတောင်ငူထောင်ဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ဖမ်းဆီးထားတဲ့နေရာလည်းဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးထွန်းကြည်ကတော့ ... "ပြည်သူ့စစ်တချို့နဲ့ ပျူစောထီးတချို့က အကျဉ်းဦးစီးဌာန ဝန်ထမ်းနဲ့ ပေါင်းပြီး လုံခြုံရေးယူပေးနေတဲ့ကြားက ဒီ Operation တစ်ခုအောင်သွားတယ်လို့ ပြောလို့ရတယ်။ တပ်ကြပ်ကြီးတစ်ယောက် သေတယ်လို့ သတင်းရတယ်။ ဒုရဲအုပ်ဆီက ခြောက်လုံးပြူးနဲ့ ဂျီသရီးသေနတ်ပါသွားတယ်။ သူတို့ဘက်က တောက်လျှောက်လိုက်လံဖမ်းဆီးနေတယ်လို့လည်း နောက်ဆုံးသတင်းရထားတယ်"

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ ထောင်ကနေ ထွက်ပြေးသူတွေနဲ့ အာဏာပိုင်တွေကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

တောင်ငူထောင်ဖောက်ပြေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။ ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးတင်ဦးဆီကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သူမသိဘူးလို့သာ ငြင်းဆိုပါတယ်။

"ကျွန်တော်တို့ဘက်က ဘာမှမကြားသေးဘူး။ နယ်ရောက်နေတယ်။ လမ်းကြောင်းပါသွားလို့"

အဲဒီထောင်ထွက်ပြေးမှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖွေနေတယ်လို့လည်း ထွက်ပြေးလာသူတွေကို လက်ခံထားတဲ့ PDF အဖွဲ့ကပြောပါတယ်။

"ပဲခူးရိုးမကို အင်အား ၈ဝ လောက်ထွက်သွားတယ်။ အမြန်လမ်းတွေကို ဖြန့်ရှာဖွေမယ့်ပုံစံ၊ စစ်ကြောင်းထိုးမယ့်သဘောပေါ့၊ မြို့ဝင်ထွက်ဂိတ်တွေ ပိတ်ဆို့တာ၊ တောနင်းတာတွေ ရှိမှာပေါ့၊ သူတို့မဲမဲမြင်ရာ လျှောက်လုပ်မယ့် သဘော၊ ရမ်းတော့မှာပေါ့"

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း မကွေးတိုင်း ပခုက္ကူထောင်ကနေ PDF တပ်ဖွဲ့ဝင် ငါးဦး ထောင်ဖောက်ပြေးတဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ လူပေါင်း ၃၅ဝဝ ကျော်ကို သတ်ဖြတ်ပြီး နှစ်သောင်းကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။