တန့်ဆည်မြို့နယ် ကံထူးရွာမတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်
2024.02.21

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာက တိုက်နယ်ရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ ဒီနေ့ မနက် ၃ နာရီ ဝန်းကျင်လောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ ၁၀ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်က ပြောပါတယ်။
အဲဒီရဲစခန်းမှာ စစ်ကောင်စီတပ်သား၊ ရဲတပ်သားနဲ့ ပျူစောထီး ပူးပေါင်းအင်အား ငါးဆယ်ခန့်ရှိပြီး ဒေသကာကွယ်ရေးအဖွဲ့ဘက်က စခန်းကိုတော့ မီးရှို့ဖျက်ဆီးလိုက်နိုင်ပေမယ့် လက်ရှိချိန်ထိ ရွာထဲမှာ တိုက်ပွဲ ဆက်ဖြစ်နေဆဲပဲလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရဲစခန်းကိုတော့ မီးရှို့ဖျက်ဆီးလိုက်နိုင်ပြီ။ ဒါပေမဲ့ ရွာထဲက ပြည်သူတွေပိုင်တဲ့ တိုက်အမြင့်တွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဆက်ပြီးတိုက်ပွဲ ဖြစ်နေတာပေါ့။ ပြီးတော့ မြို့ပေါ်ကနေ စစ်ကူလာတဲ့ ဘီလူးစစ်ကြောင်းကလည်း သပြေရင်းရွာမှာ ရောက်နေပြီ။ အခုထိတော့ အခြေအနေ မတည်ငြိမ်သေးတာကြောင့် အသေးစိတ်တော့ ဘာမှ မပြောနိုင်သေးဘူး”
နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေသေးတာကြောင့် မြေပြင်အခြေအနေ အသေးစိတ်နဲ့ နှစ်ဖက်အကျအဆုံးကို လတ်တလော မသိရသေးဘူးလို့ ပြောပါတယ်။
တန့်ဆည်မြို့ကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းဟာ ကံထူးမရွာနဲ့ လေးမိုင်အကွာ သပြေရင်းရွာမှာ ရောက်ရှိနေသလို ကံထူးမရွာတစ်ဝိုက်ဘက်ကိုလည်း ဂျက်တိုက်ခိုက်ရေးယာဉ်နဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အသုံးပြုပြီး ၁၀ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ပကာရွာက ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကံထူးမရွာအတွင်းက ပျက်စီးဆုံးရှုံးမှု အခြေအနေကို လတ်တလော မသိရသေးဘူးလို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီတပ်က ကံထူးမရွာဘက်ကို မြေပြင်ကနေ ပြန်ပြီး စစ်ကြောင်းထိုးနေသလို လေကြောင်းနဲ့ တိုက်ခိုက်နေတာကြောင့် ကံထူးမရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တစ်သောင်းဝန်းကျင်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။