ကလေးမြို့က ကျောင်းဆရာမ တစ်ဦး သေနတ်မှန် သေဆုံး

2022.02.01
ကလေးမြို့က ကျောင်းဆရာမ တစ်ဦး သေနတ်မှန် သေဆုံး ကလေးမြို့က အလယ်တန်းပြ ဆရာမ ဒေါ်ရီရီခိုင်ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့ သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်က ဆရာမ ဒေါ်ရီရီခိုင် (ခ) Nu Tem Boih ဟာ မိခင်ဆီကို သွားနေရင်းလမ်းမှာ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"သူလဲတဲ့အချိန်မှာ အကုန်လုံး မှတ်မိနိုင်သေးတယ်ပေါ့နော်။ သူ့ဖုန်းနံပါတ်နဲ့ အိမ်ကို ပြောပြီး အကူအညီတောင်းတယ်၊ ဘေးနားကလူတွေကလည်း အိမ်ကိုလှမ်းပြောတာပေါ့၊ အသက်က မမီလိုက်တော့ဘူးပေါ့နော်။ ဗိုက်မှာထိထားတာ၊ ကျည်ပေါက်သွားတာ"

အသက် (၄၂) နှစ်အရွယ် ဆရာမ ဒေါ်ရီရီခိုင်ဟာ တောင်ဖီလာရပ်ကွက်နေအိမ်ကနေ သဇင်ရပ်ကွက်မှာ နေမကောင်းဖြစ်နေတဲ့ မိခင်ဆီကို ဆေးသွားအပို့ လမ်းမပေါ်မှာ သေနတ်နဲ့ အပစ်ခံရတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဆရာမဟာ သေနတ်နဲ့အပစ်ခံရပြီး ဆေးခန်းတစ်ခုမှာ ကုသခံယူရင်းကနေ ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ထားတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဆရာမ ဒေါ်ရီရီခိုင်ဟာ ကလေးမြို့ အမှတ် (၄) အ.ထ.က ကျောင်းမှာ လုပ်ကိုင်နေသူဖြစ်ပြီး သားသမီး ငါးယောက်ရဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့်လို့ ဒေသခံတွေက စွပ်စွဲထားတာမို့ စစ် ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ကာ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ဇန်နဝါရီ ၃၁ ရက် မနေ့ကလည်း ကလေးမြို့ အောင်သစ္စာရပ်ကွက်က အမျိုးသမီးတစ်ဦးနဲ့ အောင်မြေမာန်ရပ်ကွက်က အမျိုးသားတစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မြိုခံတွေက ပြောပါတယ်။

ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရသူ ၁၀၀ ကျော်ရှိပြီလို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။