လေးကေ့ကော်အနီး တိုက်ပွဲ‌ကြောင့် ဒုက္ခသည် တစ်သောင်းနီးပါးရှိလာ

2021.12.20
လေးကေ့ကော်အနီး တိုက်ပွဲ‌ကြောင့် ဒုက္ခသည် တစ်သောင်းနီးပါးရှိလာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီဇင်ဘာလ ၁၉ ရက်က သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ထွက်ပြေးရသော လေးကေ့ကော်ဒေသခံများအား တွေ့ရစဉ်။
Photo - Citizen Journalist

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီးဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်း တစ်သောင်းဝန်းကျင်လောက်အထိ ရှိလာပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနေ့ညနေ ၅ နာရီဝန်းကျင်မှာလည်း စစ်ဘေးဒုက္ခသည်တွေ တိမ်းရှောင်နေတဲ့ ဖလူးကြီးရွာမှာ တိုက်ပွဲဖြစ်လို့ အဲဒီကဒေသခံတွေ ထပ်ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။

အခုလက်ရှိမှာတော့ ခြေဦးတည့်ရာ ထွက်ပြေးရတဲ့ဒုက္ခသည်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားနေပေမယ့် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ KNU ရဲ့ လေးကေ့ကော်မြို့တာဝန်ခံ တီးဖားတရား က RFA ကို ပြောပါတယ်။

“မနေ့ကပဲ တိုက်ပွဲတွေ ရွာထဲမှာဖြစ်တော့ ည ၁၀ နာရီ ၁၁ နာရီ ထပြေးရသေးတယ်။ လေးကေ့ကော်ရဲ့ အနောက်တောင်ကြောတွေပေါ်လည်း ပစ်တယ်။ ရွာထဲကိုလည်းပစ်ချတယ်။ တစ်ခုခုတော့ ရည်ရွယ်ချက် ရှိရှိလုပ်တဲ့ပုံစံမျိုးတော့ မြင်နေရတယ်။ ဒီနေရာမှာ စစ်ဘေးရှောင်တွေရှိတယ်ဆိုတာ သူတို့(စစ်တပ်က) သိနေတာပဲ။ ခိုလှုံလို့မရအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေနဲ့ အနီးအနားပစ်တာ။ ပြည်သူတွေ ကတော့ လက်နက်ကြီးသံကြားရင် ပြေးကြတာပဲ

အခုအချိန်မှာ ဒုက္ခသည် ခြောက်ထောင်ဝန်းကျင်လောက်ရဲ့ အချက်အလက်တွေကို စာရင်းပြုစုထားနိုင်ပြီး ကျန်ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ဆက်လက်စာရင်းပြုစုနေတယ်လို့ သူက ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့က လေးကေ့ကော်မြို့နဲ့ လေးဖာလုံလောက်သာဝေးတဲ့ ထီးမယ်ဝါးခီးရွာမှာ ယာယီစခန်း ဖွင့်ခဲ့ပေမဲ့ ဒီဇင်ဘာ ၁၇ ရက်က အဲဒီဒုက္ခသည်စခန်းအနားမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် နောက်ထပ်သုံးမိုင် လောက်ဝေးတဲ့ ဖလူးကြီးရွာမှာ ဒုက္ခသည်စခန်းကို ထပ်ဖွင့်ခဲ့ရတာဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံဘက်ကို နေ့စဉ်ထွက်ပြေးနေကြရပြီး ဒီနေ့ နေ့လယ်ပိုင်းမှာလည်း သောင်းရင်း မြစ်ကိုဖြတ်ဖို့ စောင့်နေတာ တစ်ထောင်ဝန်းကျင်လောက်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မနေ့ညက ဖလူးကြီးစခန်းကနေ ထွက်ပြေးခဲ့ရပြီးနောက် ဒီနေ့ ထိုင်းဘက်ခြမ်းကိုကူးဖို့ သောင်ရင်းမြစ် အနားမှာ စောင့်နေတဲ့ ဒုက္ခသည်တစ်ယောက်က သူတို့အနေနဲ့ မြန်မာဘက်ခြမ်းမှာ ဆက်ပြီးနေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။

ညီမတို့ကတော့ လုံးဝနေလို့မရတော့လို့ ထိုင်းဘက်ကို ကူးနေပြီ။ ဖလူးကြီး၊ ဖလူးလေး၊ မင်းလက်ပံ အဲဒီတောက်လျောက် ဘယ်သူမှနေလို့မရတော့ဘူး ။ အခု အကုန်လုံးက ဟိုဘက်ကမ်း (ထိုင်းဘက်) မကူးချင်တဲ့သူတွေဆိုရင် ဒီသောင်ရင်းမြစ်ချောင်းနားမှာပဲ သူတို့နေရတယ်။  တဲထိုးပြီးတော့နေကြတယ်။ မနက်ကကြားတဲ့သတင်းကလည်း ထပ်တိုက်ဖို့ရှိနေသေးတယ်။ မငြိမ်သေးဘူး”

လက်ရှိမှာ ထိုင်းဘက်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၅၀၀၀ ဝန်းကျင်ရှိနိုင်ပြီး မြန်မာ ဘက်ခြမ်းမှာလည်း ၅၀၀၀ ဝန်းကျင်ရှိနေဆဲဖြစ်တယ်လို့ အဲဒီဒုက္ခသည်အမျိုးသမီးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေထဲမှာ တည်ဆောက်နေတဲ့ လေးကေ့ကော် မြို့သစ်မှာ ခိုလှုံနေတဲ့ NLD လွှတ်တော်အမတ်နှစ်ဦး အပါအဝင် အရပ်သား ၂၀ ဝန်းကျင်ကို စစ်ကောင်စီတပ် တွေက အင်အားအလုံးအရင်းနဲ့ ဝင်ဖမ်းဆီးခဲ့တဲ့အတွက် အရင်ကတည်ငြိမ်နေတဲ့နေရာမှာ တိုက်ပွဲတွေဖြစ် နေတာပါ။

အဲဒီနေရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့( KNDO ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ရဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)  ပူးပေါင်းတပ်တွေကို ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းကစပြီး ပြန်လည်ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်က မြဝတီမြို့ဘက်မှာ အင်အားတွေ အများအပြားတိုးချနေတာကြောင့်  တိုက်ပွဲတွေဆက်ဖြစ်ဖို့ အလားအလာများနေတယ်လို့ လေးကေ့ကော်တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ PDF ရဲဘော် ကိုစိုင်း က ပြောပါတယ်။

"အခုလောလောဆယ်တော့ ပြည်သူလူထုက ထိုင်းဘက်ကမ်းကို ရှောင်နေရတာလည်းရှိတယ်။ KNU ဘက်ကို ကျော်လာရင်တော့ KNU ဘက်က တုံ့ပြန်လိမ့်မယ်။ ဒီဘက်က မေတ္တာလင်းမြိုင်နဲ့ ဒီဘက်ခြမ်းက ကျတော့ သူတို့ (စစ်တပ်) က နေရာပြန်ယူထားတယ်။ မယ်ထော်သလေးဘက်ကို ဝင်လို့မရအောင် ပိတ်ဆို့ ထားတယ်ပေါ့နော်။ နောက်ထပ် အင်အားဖြည့်ထားတာပေါ့။ သင်္ဃန်းညီနောင်ဘက်က ဝင်လာတာလည်းရှိ တယ်။ နောက်ထပ် BGF နဲ့ပေါင်းပြီး ဝင်လာတာလည်းရှိတယ် မြဝတီဘက်ကနေပေါ့"

ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ မနေ့ကအထိ ငါးရက်အတွင်းမှာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲပေါင်း ၁၃ ကြိမ် အထိရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုဟာ ၆၀ ဝန်းကျင်အထိရှိနိုင်တယ်လို့ သူက ပြောပါတယ်။

"ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေနဲ့ အနီးအနားပစ်တာ။ ပြည်သူတွေကတော့ လက်နက်ကြီးသံကြားရင် ပြေးကြတာပဲ"

ဒီတိုက်ပွဲတွေအတွင်း KNLA/KNDO နဲ့ PDF ပူးပေါင်းတပ်တွေဘက်ကတော့ ခြောက်ဦးကျဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို မနေ့ကတိုက်ပွဲ‌တွေအတွင်း စစ်သည်အချို့ ထိခိုက်ဒဏ်သာရခဲ့‌ကြတယ်လို့ ပြောပါတယ်။

“လေး‌ကေ့ကော်ရဲ့မြောက်ဘက် မယ်ထော်သလေးမှာ မနေ့က ၁၀ နာရီ ၁၁ နာရီလောက်မှာ တစ်ကြိမ်၊ ညနေ ၅ နာရီလောက်မှာ တစ်ကြိမ်တော့ ဖြစ်ခဲ့တာရှိတယ်။ ကျနော်တို့ဆီက စစ်သည်အချို့ ဒဏ်ရာ ရတာ‌လောက်ပဲရှိတယ်။ အဲဒါပါပဲ”

ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒုက္ခသည်တွေထဲက လူအယောက် ၆၀၀ ကို  ထိုင်းအာဏာပိုင်တွေက မနေ့က မြန်မာပြည်ဘက်ကို ပြန်ပို့ခဲ့ပါတယ်။ ဒါဟာ သူတို့ဆန္ဒအလျောက် ပြန်ကြတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို အတင်းအဓမ္မပြန်မပို့ဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထိုင်း အာဏာပိုင်တွေကို မနေ့က တိုက်တွန်းတောင်းဆိုထားတယ်လို့ အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြား ရေးမှူး Phil Robertson က ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မှာလည်း ဒုက္ခသည်တွေဝင်ရောက်ခွင့်ကို ထိုင်းအာဏာပိုင်တွေက ကန့်သတ်ထား တယ်လို့  သောင်ရင်းမြစ်ဘေးမှာရောက်နေတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

karen-flee.jpg
(စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီဇင်ဘာလ ၁၉ ရက်က သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ထွက်ပြေးရတဲ့ လေးကေ့ကော်ဒေသခံတွေကို တွေ့ရစဉ်) Photo: CJ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုနိုင်ငံခြားရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး ကတော့ အသက်လုပြီး ပြေးလာရတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရအနေနဲ့ လက်ခံပေးဖို့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့လည်း ကူညီပေးဖို့ KNU က မေတ္တာရပ်ခံထားတယ်လို့ RFA ကို ပြောပါတယ်။

UNHCR ကိုယ်တိုင်က လူသားချင်းစာနာထောက်ထားမှုပေါ်မှာ မူတည်ပြီးတော့ ဒုက္ခရောက်ပြီး ပြေးလွှား နေရတဲ့ လူထုတွေအပေါ်မှာ အကာအကွယ်ပေးမှုပိုင်းမှာ အဲဒါသိပ်အရေးကြီးတယ်။ အဲဒါ သူတို့တာဝန်ယူ နိုင်မယ်ဆိုရင် ပိုပြီးတော့သင့်တော်တယ်။ ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ပြောချင်တာက ဒီလိုမျိုး မသက်သာလို့သာ အိုးပစ်အိမ်ပစ်ပြေးနေရတဲ့ ကျွန်တော်တို့ပြည်သူလူထုတွေကို အထူးသဖြင့် ထိုင်းဘက် ကမ်းကို ပြေးလွှားမယ်ဆိုရင်လည်း လူသားချင်းစာနာထောက်ထားသောအားဖြင့် ယာယီခိုလှုံခွင့်ပေးဖို့ ကျွန်တော်တို့ပြောချင်တယ်။ အတင်းအကျပ် ပြန်ခိုင်းမယ်ဆိုရင် သူတို့အတွက်လုံခြုံမှုမရှိဘူး။ ပြန်ပြီး တည်ငြိမ်လာတော့မှ ပြန်ပို့ရင် ပိုပြီးတော့သင့်တော်ပါတယ်

ဒုက္ခသည်တွေကို ကူညီပေးနိုင်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်နေတယ်ဆိုတာကို သိရှိနိုင်ဖို့ UNHCR မြန်မာရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ တဆင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာ UNHCR အနေနဲ့ မြဝတီမြို့နယ်အတွင်းက လက်နက်ကိုင်တိုက်ပွဲတွေ ကြောင့် ထောင်နဲ့ချီရှိတဲ့လူတွေ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရတာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။

လက်ရှိမှာ UNHCR နဲ့ မိတ်ဖက်တွေက လုံခြုံရေးကိစ္စ၊ ဝင်ရောက်ခွင့် ကန့်သတ်ချက်တွေနဲ့ လမ်းပိတ်ဆို့မှု တွေကြောင့် ထိခိုက်ခံစားရတဲ့ဒေသတွေကို လက်လှမ်းမီခြင်း မရှိသေးကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတောင်းဆိုမှုတွေကို တုံ့ပြန်နိုင်ဖို့နဲ့ လိုအပ်နေသူတွေကို ပံ့ပိုးကူညီဖို့အတွက် အသင့်ဖြစ်စေဖို့ အစွမ်းကုန် ကြိုးပမ်းအားထုတ်နေကြောင်း၊ လိုအပ်နေသူတွေထံကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ မှုတွေပေးနိုင်ဖို့အတွက် အတားအဆီးမဲ့ ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်နိုင်ဖို့ UNHCR က ဆက်လက် တိုက်တွန်းနှိုးဆော်ကြောင်းလည်း RFA ကိုပေးပို့တဲ့ အကြောင်းပြန်စာမှာ ပါရှိပါတယ်။

လေးကေ့ကော်မြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်က ဒီနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့် ဒုက္ခသည်အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။