မြန်မာနှစ်ဦး နောက်အမှု ချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ
2014.12.09

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ တရားစွဲဆို ခံနေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်နှစ် ဦးရဲ့ အမှုကိုစစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံး က နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံ ထုတ် နေးရှင်းသတင်းစာက ဖော်ပြပါတယ်။
မူလသတ်မှတ်ထားတဲ့ ရုံးချိန်းက ၂ဝ၁၅ ခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။
ပထမရုံးချိန်းမှာ မြန်မာလူငယ်နှစ်ဦးအပေါ် စွဲဆိုထားတဲ့ လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် စွဲချက် ၇ ခုနဲ့ ပတ်သက် ပြီး မေးမြန်းတဲ့အခါ၊ လူငယ် နှစ်ဦးက ပြစ်မှုအားလုံး မကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။အဲ့ဒီလို ထွက်ဆိုအပြီး၊ နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို တရားရုံးက သတ်မှတ်လိုက် တာဖြစ်ကြောင်း နေးရှင်းသတင်းစာက ဖော်ပြပါတယ်။
လူငယ်နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့များအဖွဲ့ခေါင်းဆောင်က နဂိုကမှ သူတို့အတွက် သက်သေလိုက်ထွက်ဆိုပေးဖို့ စိုးရိမ်ကြောက်လန့်သူတွေ များပြားနေရတဲ့အထဲ၊ နောက်တစ်ကြိမ် သတ်မှတ် လိုက်တဲ့ ရုံးချိန်းက သိပ်ပြီးနီးကပ်လွန်းနေတဲ့အတွက် လိုအပ်တဲ့ သက်သေတွေ ခေါ်ယူစုဆောင်းဖို့ အချိန်နည်း သွားကြောင်း၊ ဒါပေမဲ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အကြီးတန်းအရာရှိတစ်ဦးကတော့ လူငယ်နှစ်ဦး အာမခံရဖို့ လိုအပ် တာတွေ ဆောင်ရွက်နေကြောင်း၊ သူတို့နှစ်ဦးဟာ ထိုင်းကနေ ထွက်ပြေးကြမှာ မဟုတ်ဘူးဆိုတာ အာမခံပါကြောင်း ပြောကြားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။