မဲဆောက်မြို့အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမား ဆန္ဒပြ
2012.05.15

ဒီကနေ့ မနက်မှာ စက်ရုံတာဝန်ရှိသူတွေက စက်ရုံထဲက မောင်းထုတ်ခဲ့တာကြောင့် အလုပ်သမား (၁၀၀) လောက် နီးစပ်ရာ ဘုန်ကြီးကျောင်းတစ်ကျောင်းမှာ ခိုလှုံနေရတယ်လို့ စုံစမ်းသိရပါတယ်။
အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက သတ်မှတ်လစာထုတ်ရက်ဖြစ်တဲ့ မေလ (၁၀) ရက်နေ့မှာ အလုပ်သမားတွေရဲ့ ဧပြီလ လုပ်ခလစာ ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ အလုပ်သမားတွေ ဆန္ဒပြခဲ့တာလို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
"၁၄ ရက်နေ့ကျမှ လစာထုတ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့က စောင့်ပေးပါတယ်။ ညနေ (၅) နာရီ ထိုးခါနီး ဝဏ္ဏတွေကို မီတင်ခေါ်တယ်။ ပြီးတော့ ပိုက်ဆံတွေဘာတွေ ထုတ်ပေးဖို့မရှိဘူးလို့ပြောတယ်။ အဲဒီမှာ အလုပ်သမားတွေက မကျေနပ်ကြဘူး။ မနေ့က ညအိုတီတက်ချိန်က စပြီးတော့ အလုပ်မဆင်းတော့ဘူးပေါ့။ ဒီကနေ့ မနက်အထိလည်း ဘယ်သူမှမဆင်းဘူး။ အခုမလုပ်ဘူးဆိုရင် စက်ရုံထဲမှာ နေလို့မရဘူး။ မင်းတို့ အပြင်သွားလို့ပြောတယ်။ အကုန်လုံးလူတွေ ထွက်ချလာတယ်"
(အမ် အဲပရယ်) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအချို့ကို နေထိုင်ခွင့်ပေးထားပြီး အိမ်ထောင်သည်များက အပြင်မှာ ငှားရမ်းနေထိုင်ကြတာ ဖြစ်ပါတယ်။ လုပ်အားခ တစ်နေ့ကို (၆၅) ဘတ်ကနေ အမြင့်ဆုံး လုပ်သက်ရင့်သူ ဘတ်(၁၀၀) သာရရှိပြီး အချိန်ပိုလုပ်အားခ တစ်နာရီကို ခုနှစ်ဘက်ခွဲကနေ ဘတ်တစ်ဆယ်ကျော်သာရကြောင်း ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေက လုပ်ခလစာ တိုးပေးဖို့နဲ့ လစာထုတ်ရက် အတိအကျ လိုချင်တာဖြစ်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ လုပ်သက်ရင့် မြန်မာအလုပ်သမက အခုလိုပြောပါတယ်။
"လစာကျတော့လည်း နည်းတယ်။ နေ့စားခကလည်း အခုဟာ ၈၀ - ၉၀ ပဲရှိတယ်။ (၆၅) ဘတ်ကနေ လုပ်လာတာ။ လစာထုတ်တဲ့ရက်က (၁၀) ရက်ကို တိတိကျကျထုတ်ချင်တာ၊ ကျွန်မတို့ တောင်းဆိုချင်တာကတော့ ဒီမဲဆောက်ကဈေးအတိုင်းကို (၂၂၆) ဘတ် အပြည့်အ၀ လိုချင်တာပေါ့"
မွန်းလွဲ ၂ နာရီကျော်မှာတော့ မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံးက တာဝန်ရှိသူတွေက အလုပ်ရှင်နဲ့ အလုပ်သမားကြား လာရောက်ညှိနှိုင်းပေးကာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ တင်သွင်းခိုင်းခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ဥပဒေရေးရာ တာဝန်ခံ ကိုထွေးနိုင်က အခုလိုပြောပါတယ်။
" စဝါတီကန်လူကြီးက တောင်းဆိုတဲ့ပုံစံတွေ တင်သွင်းခိုင်းတာ ရှိတယ်လေ။ မန်နေဂျာနာမည်က မစ္စတာအာနန်၊ သူက အိန္ဒိယလူမျိုး မောင်းထုတ်တာ မန်နေဂျာပဲ။ အများကြီး ကွာဟမှုရှိတယ်။ အခုသူတို့ပေးထားတာက အနိမ့်ဆုံးလုပ်အားခက (၆၅) ကနေ (၈၀) ထိပဲရှိတယ်။ ထိုင်းနိုင်ငံမှာ တရားဝင် သတ်မှတ်ထားတာ ၂၂၆ ဘတ်၊ နောက်ပြီး အချိန်ပိုလုပ်အားခတွေကလည်း အရမ်းနည်းတယ် (၇) ဘတ်ခွဲကနေ (၁၂) ဘတ်ထိပဲရှိတယ်။ တရားဝင်က တစ်နာရီကို အိုတီကြေးက (၅၄) ဘတ် ရှိတယ်။ အဲဒါတွေပါ အကုန်လုံး ထည့်တောင်းဆိုဖို့ ရှိပါတယ်"
(အမ် အဲပရယ်) အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမား (၃၀၀) ကျော် အလုပ်လုပ်နေကြပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ (၁၀၀) လောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။