ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းသစ်ကို စစ်ကောင်စီ ခွင့်ပြု
2024.04.19
တိုက်ပွဲတွေကြောင့် မြ၀တီနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ရပြီးနောက် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး နည်းလမ်းသစ်တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ ရနောင်းမြိုနဲ့ ရန်ကုန်ကို ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်-ကော့သောင်း-ရနောင်း အသွားအပြန် ကမ်းရိုးတန်းဆိပ်ကမ်းကုန်သွယ်မှုကို အရင်က ခွင့်ပြုပေးမထားတဲ့ ကွန်တိန်နာသင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်မှုနည်းလမ်းကိုပါ စတင်ကျင့်သုံးတာပါ။
စစ်ကောင်စီဘက်ကတော့ ဒါဟာ နယ်စပ်ကုန်သွယ်ရေး နည်းလမ်းသစ်တစ်ခုဖြစ်တယ်လို့ဆိုပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ကြဖို့လည်း အသိပေးထားပါတယ်။
မြ၀တီလမ်းကြောင်းမှာ ကွန်တိန်နာတင်ကားတွေ သွားမရတော့တာကြောင့် အခုလို ခွင့်ပြုပေးတာ ဖြစ်နိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ကတော့ သင်္ဘောနဲ့ ပုံမှန်သယ်ယူရတာပေါ့နော်။ အခုက ကွန်တိန်နာနဲ့ သယ်ခွင့်ပြုတယ်ဆိုပြီး ဖြစ်လာတာ။ ဒါကလည်း မြဝတီလမ်းကြောမှာ ကွန်တိန်နာနဲ့ သွားလာတွေကမရတော့လို့ အဲဒီဘက်ပြောင်းလိုက်တာ”
ကော့သောင်း - ရနောင်း နယ်စပ်ကုန်သွယ်ရေးဟာ ပင်လယ်ရေကြောင်း နယ်စပ်ကုန်သွယ်ရေးဖြစ်ပြီး ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်မှုကုန်ကြမ်းပစ္စည်းတွေ မြန်မာဘက်ကို အဓိက တင်သွင်းပါတယ်။
ထိုင်းနိုင်ငံဘက်ကိုတော့ ရေထွက်ပစ္စည်းမျိုးစုံနဲ့ ဆီအုန်းကြိတ်ဖတ်တွေ တင်ပို့ပါတယ်။
စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာန အချက်အလက်တွေအရ ရနောင်း-ကော့သောင်း နယ်စပ်ကုန်သွယ်ရေးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် ၁၁ လအတွင်းမှာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်းနှစ်ရာနီးပါးရှိပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့ကို KIA ကထိန်းချုပ်ပြီးနောက် နယ်စပ်ကုန်သွယ်ရေး တွေ ပြတ်တောက်နေတာကြောင့် တာချီလိတ်၊ ကျိုင်းလပ်-ဝမ်ပုံ၊ ရနောင်း-ကော့သောင်း-ရန်ကုန်၊ မြိတ် စတဲ့ ကုန်သွယ်ရေးစခန်းတွေကနေ ပြောင်းလဲကုန်သွယ်ခွင့်ပြုတဲ့အကြောင်း စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာန က ဧပြီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။