ကချင်စစ်ပွဲရပ်စဲဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ
2013.01.11

ဒီဆန္ဒပြပွဲကို ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်သားများ (Kachin Community in Thailand) KCT၊ ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့(ONSOB)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)တို့နဲ့ အတူ Rangsit, Bangkok Assumption နဲ့ Phayap တက္ကသိုလ်တို့က ကျောင်းသားကျောင်းသူတွေ ပူးပေါင်းပြုလုပ်ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကချင်အမျိုးသား (La Lu Nan) လာနုနန် က လွန်ခဲ့တဲ့ ၂ဝ၁၁ခုနှစ် ဇွန်လကနေစပြီးတော့ ကျနော်တို့ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ကချင်ပြည်သူတွေ နေထိုင်တဲ့နေရာတွေမှာ စပြီးထိုးစစ်ဆင်ခဲ့တာ ၂နှစ်ပြည့်လာပါပြီ၊ ထိုးစစ်ဆင်မှု ရပ်တန့်မသွားဘဲ ပိုပိုဆိုးလာတာတင်မက လေယာဉ်နဲ့တိုက်ခိုက်မှုတွေလုပ်လာပါတယ်၊ ဒါတင်မက အမျိုးသမီးများနဲ့ ကလေးများကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ လုပ်နေပါတယ်၊ ဒီအရာတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကနေ့ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်နေကြတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမများနဲ့အတူ ကျနော်တို့ ကချင်လူထုများက သမ္မတဦးသိန်းစိန်နှင့် စစ်ဦးစီးချုပ် မင်းအောင်လှိုင်တို့ သိရှိစေရန် လာရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ် လို့ ပြောပါတယ်။
သူတို့ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ကချင်လူထု၊ စစ်ပြေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ KIA ကို စစ်လေယာဉ်များနဲ့ တိုက်ခိုက်နေမှုရပ်စဲရေး၊ ကချင်စစ်ပြေး ဒုက္ခသည်တွေကို နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေက အကူအညီပေးရေး၊ အစိုးရစစ်တပ်တွေ ရုပ်သိမ်းပြီး နိုင်ငံရေး စကားပြောဆိုမှု စတင်ရေးတို့ကို တောင်းဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာက အကူအညီနဲ့ ဆေးဝါးတွေမရတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေထဲမှာ ကလေးသူငယ်တွေနဲ့ အသက်ကြီးသူတွေဟာ ဒုက္ခရောက်နေပြီး အစားအသောက်အတွက်လည်း ခက်ခဲနေပါတယ်လို့ လာနုနန်က ပြောပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတဦးကတော့ RFA ကို အခုလိုပြောပါတယ်။
“ကျမတို့ကချင်ပြည်မှာ စစ်တွေဖြစ်နေတာ အဲဒါဒုက္ခသည်ပေါင်းလည်း ၁သိန်းနီးပါး ရှိသွားပြီ၊ ကမ္ဘာကိုပြောချင်တာက ကျမတို့မြန်မာအစိုးရရဲ့ ပြောင်းလဲပါပြီဆိုတဲ့ မူဝါဒဟာ လက်ရှိအခြေအနေမှာ လုံးဝမပြောင်းလဲပါဘူး ဆိုတာကို message ပေးချင်ပါတယ်”
ဆန္ဒပြတောင်းဆိုပွဲကို ထိုင်းရဲတွေက လုံခြုံရေးယူပေးထားခဲ့ပြီး ဦးဆောင်သူတွေက သူတို့ရဲ့ထုတ်ပြန်ကြေညာချက်ကို ထိုင်းရဲအရာရှိတွေကနေတဆင့် မြန်မာသံရုံးကို ပေးအပ်ခဲ့ပြီး ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။