သမတသစ်ကျမ်းကျိန်ပွဲလုပ်ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ ညွန်ကြား
2011.03.08

မတ်လ ၂၇ ရက် တပ်မတော်နေ့ မတိုင်ခင် သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပပြီးနောက် အစိုးရသစ်ကို အာဏာ လွှဲပြောင်းမှုတွေပါ တပါတည်း လုပ်ဆောင်မယ်လို့ သိရပါတယ်။ လွှတ်တော်တက်ရောက်နေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အမတ် ဦးစိုးဝင်းကတော့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတ်လ ၂၀ ရက်နဲ့ ၂၇ ရက်ကြား သီတင်းပတ်အတွင်း ပြုလုပ်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
“ဒီလထဲမှာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောတာ၊ သူတို့ကတော့ ပွဲ ၂၀ ကျော်မှပဲ ဖြစ်မယ်လို့ ကြားတယ်ဗျ။ ဒါပေမဲ့ ပထမက ကြားတာကကျတော့ ကျွန်တော်တို့က တပ်မတော်နေ့မှာ ကျွန်တော်တို့ကို တက်ရဦးမယ် ဘာညာ ဆိုတာတွေလည်း ကြားသေးတယ်ဗျ။ အဲလိုရှိတာ။ အဲ တပ်မတော်နေ့ တက်ရမယ် ဆိုရင်တော့ တက်ရတာ တက်ရတာပဲလေ။ အဲဒီနေ့ မတိုင်မီတော့ ဖြစ်လိမ့်မယ် ထင်တယ်လေ။ တခါတည်း ကြေညာပြီး ဟိုဟာ ဖြစ်လိမ့်မယ် အကုန်လုံး။”
အခုနှစ် တပ်မတော်နေ့ အခမ်အနားကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်ရောက်မှာ မဟုတ်ပဲ သူ့ရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဆက်ခံမဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားမှာ ဖြစ်ကြောင်း၊ တပ်မတော်နေ့ကို အရင်နှစ်တွေကလောက် ကြီးကြီးကျယ်ကျယ် ပြုလုပ်မှာ မဟုတ်ကြောင်း ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မကြာခင်ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် ဝန်ကြီးဌာန ၃၃ နေရာ သတ်မှတ်ထားပြီး၊ ဝန်ကြီးလောင်းတွေကို ရွေးချယ်ထားပြီး ဖြစ်ပေမဲ့ ဘယ်သူက ဘယ်ဌာနကိုတာဝန်ယူရမယ်ဆိုတာ လောလောဆယ် မသတ်မှတ်ရသေးပါဘူး။