သံတွဲမြို့ ဗဟိုဈေးကြီး မီးလောင်

ဒီနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့လယ်က ဗဟိုဈေးကြီး မီးလောင်ခဲ့ပါတယ်။ မီးသတ်ကား မလုံလောက်မှုကြောင့် အချိန်မီ မငြိမ်းသတ်နိုင်ခဲ့လို့ ဈေးတခုလုံး နီးပါး လောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2012.02.11

ဆိုင်ခန်း ၉ ရာ နီးပါးရှိတဲ့ သံတွဲမြို့ ဒွာရာဝတီ ဗဟိုဈေးကြီးထဲက ဆိုင်ပေါင်း ၇ ရာလောက် မီးထဲ ပါသွားတယ်လို့ ဆိုပါတယ်။ မီးလောင်နေတာကို မနက် ၅ နာရီလောက်မှာ သိရပြီး မနက် ၈ နာရီနောက်ပိုင်းမှ ငြိမ်းသတ်နိုင်ခဲ့လို့ ဆုံးရှုံးမှု များရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့ခံ အမျိုးသမီးတဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“ညဘက်ကတည်းက လောင်နေတာ ရှိမှာပေါ့၊ လျှပ်စစ်မီးက စ,လောင်တာ ဆိုတော့။ ညစောင့်တွေကလည်း အပြင်မှာ စောင့်နေတဲ့အခါကျတော့ မမြင်ဘူးပေါ့။ မနက်ကျမှ ဆိုက်ကားသမားတယောက်က မီးညွန့်လေးတွေ မြင်တဲ့အခါကျတော့မှ သိတဲ့အချိန်မှာ မီးသတ်ကားကလည်း တစီးပဲရှိတော့ အဆင်မပြေဘူးပေါ့။ ၇ နာရီ ၈ နာရီလောက်မှ ငြှိမ်းရတဲ့အခါကျတော့ အကုန်လုံး ပါသွားတယ်။ သံတွဲမှာ အဓိက အချက်အချာ ကျတဲ့ ဈေးကြီးပဲလေ။ အကုန်လုံး ပါသွားတယ်၊ ဘာမှ မရလိုက်ကြဘူး၊ မီးလုံးကြီးက တောမီး ရှို့သလို လောင်နေတော့ ဈေးထဲကို လုံးဝ ဝင်လို့ မရလိုက်တာ”

မီးငြှိမ်းဖို့ မီးသတ်ကား မလုံလောက်ဘဲ မြို့တွင်းက ဟော်တယ်နဲ့ လေဆိပ်က ကားတွေနဲ့ပါ ရေတင်ပြီး ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရသလို မီးအားပြင်းလို့ သဲတွေနဲ့ပါ ပက်ဖြန်းရတယ်လို့ မြို့ခံ အမျိုးသမီးက ပြောပါတယ်။ မီးလောင်တဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် လျှပ်စစ်ဝါယာ ရှော့ဖြစ်ပြီး လောင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လူအသေအပျောက် မရှိပေမယ့် ဈေးထဲရှိ ကုန်စုံဆိုင်တွေနဲ့ အသုံးအဆောင် ပစ္စည်းဆိုင်တွေ အများအပြား ဆုံးရှုံးခဲ့ရတယ်လို့ မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။ ဈေးဆိုင်ခန်း (၁) ခန်းကို သိန်း ၅ဝ တန်ဖိုးရှိပြီး တဆိုင်မှာ အနိမ့်ဆုံး ပစ္စည်းတန်ဖိုး သိန်း ၃ဝ ကနေ သိန်း ၂ ရာအထိ ရှိတဲ့အတွက် သိန်း ထောင်သောင်းချီ ဆုံးရှုံးနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။ အာဏာပိုင်တွေဘက်ကတော့ တရားဝင် ကိန်းဂဏန်း မထုတ်ပြန်သေးပါဘူး။

သံတွဲမြို့ဟာ ရေကြီးမှု ဒဏ်ကိုသာ အများဆုံး ခံရလေ့ရှိတဲ့ မြို့ဖြစ်ပြီး ဒါဟာ ပထမဦးဆုံးအကြိမ် မီးလောင်မှုဖြစ်ပါတယ်။

ဇန်နဝါရီလက တောင်ကုတ်မြို့ဈေး မီးလောင်ခဲ့သလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း ရခိုင်ပြည်နယ်က ဒုတိယ အကြီးဆုံးဈေးဖြစ်တဲ့ မင်းပြားဈေးကြီး မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။