တနင်္သာရီမြို့နယ်က ရေဘေးသင့်ပြည်သူ နှစ်သောင်း အိမ်ပြန်ဖို့ ခက်နေဆဲ


2018.08.10
thanitharyi-flood-622.jpg ရေကြီးနေတဲ့ တနင်္သာရီမြို့ကို တွေ့ရစဉ်
Photo: Ye Myint Swe

တနင်္သာရီတိုင်းက တနင်္သာရီ မြစ်ရေဟာ အန္တရာယ်ရေမှတ်ကနေ ကျနေပြီဖြစ်ပေမယ့်လို့ ရေဘေးသင့် ဒုက္ခသည်တွေ နေအိမ်တွေမှာ ပြန်နေလို့မရသေးဘူးလို့ သိရပါတယ်။

စိုးရိမ်ရေမှတ်အောက် မကျသေးတဲ့အတွက်  ရေဘေးသင့်မိသားစုတွေ အိမ်ပြန်လို့ရမှာ မဟုတ်သေးဘူးလို့ တနသာၤရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက RFA က ပြောပါတယ်။

"မကျသေးဘူးခင်ဗျ။ စိုးရိမ်ရေမှတ်ထဲမှာပဲရှိသေးတယ်။ အန္တရာယ်ရေမှတ်အောက်ကို ရောက်လာပြီ။   အန္တရာယ်ရေမှတ်က ၂၄ ပေဆိုတော့။ ကျနော်တို့က စိုးရိမ်ရေမှတ်အောက်ကို မရာက်ခင်စပ် ကြား ရေဘေးသင့်ပြည်သူတွေအနေနဲ့ မိမိတို့လုပ်ငန်းခွင်ပြန်စဖို့ မဖြစ်နိုင်သေးဘူး။ ကျနော်တို့ကတော့ စားရိက္ခာပဲ လိုအပ်တယ်လို့ ပြောချင်တယ်ခင်ဗျ။"

ပြီးခဲ့တဲ့ဇူလိုင်လကတည်းက မိုးသည်းပြီး  မြစ်ရေတက်တာကြောင့် တနင်္သာရီမြို့နယ်ထဲမှာ အိမ်ထောင်စု ၅ ထောင်နီးပါးဖြစ်တဲ့ လူဦးရေ ၂ သောင်းကျော် ရေဘေးသင့်နေတာဖြစ်ပါတယ်။  

ရေကြီးနစ်မြုပ်တာတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေ၊ နီးစပ်ရာနေရာတွေနဲ့ ဆွေမျိုးတွေရဲ့အိမ် မှာ ပြောင်းရွှေ့နေရတဲ့လူဦးရေကတော့ ၆ ထောင်ကျော်ရှိနေပါတယ်။

တချိန်ထဲမှာလည်း မုတ်သုံလေအားကောင်းနေတာကြောင့် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရေဟာ ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတ၊ ဇလွန်မြို့ နဲ့ ဒုဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့၊ ချင်းတွင်းမြစ်ရေက မုံရွာမြို့၊ စစ်တောင်းမြစ်ရေက မဒေါက်မြို့၊ သံလွင်မြစ်ရေကတော့ ဘားအံမြို့တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်မြို့ရဲ့ စိုးရမ်ရေမှတ်ကို ရောက်နေပြီး တိုးမြစ်ရေကတော့ မအူပင်မြို့တွေမှာ စိုးရိမ်ရေမှတ်ကို ရောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။