ပြည်နယ်ပညာရေးကို ဝေဖန်တဲ့အမတ်ကို ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်


2018.06.03
thanmaungoo-facebook-622.jpg ဖေ့စ်ဘွတ် စာမျက်နှာမှာ ရမ်းဗြဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ရေးသားထားတာတွေကို တွေ့ရစဉ်
Photo: Than Maung Oo - facebook

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို သူ့ရဲ့ကိုယ်ပိုင် ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ အရေးယူပေးဖို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက စစ်တွေမြို့ အမှတ်(၁) မြို့မရဲစခန်းမှာ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။

ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလိုလုပ်ပြီး လာရောက်အမှုဖွင့်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကတော့ အခုလို အရေးယူဖို့အတွက် ပညာရေးဌာနက စီစဉ်တာမဟုတ်ဘဲ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက စီစဉ်တာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ရခိုင်ပြည်နယ်ဟာ တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ ပညာရေး အနိမ့်ကျဆုံး၊ စီးပွားရေးအနိမ့်ဆုံး၊ ကျန်းမာရေးဝန်ဆောင်မှုအနိမ့်ကျဆုံး၊ အုပ်ချုပ်ရေး ယန္တရားဖရိုဖရဲအရှိဆုံး၊ ပြည်နယ်အစိုးရအဖွဲ့ကိုပြည်သူတွေမကြိုက်ဆုံး၊ လမ်းတွေမကောင်းဆုံး စတဲ့အချက်တွေကို သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က ရေးသားခဲ့တာပါ။

သူ့ကိုအမှုဖွင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက အစိုးရဟာ ဝေဖန်တာကို ခံနိုင်ရည်ရှိသင့်တယ်လို့ ပြောပါတယ်။

ဒီနေ့ မနက်ကတော့ ရမ်းဗြဲမြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးရဲ့ နေအိမ်ကို ရဲက လာရောက်ခဲ့ပြီး ဦးသန်းမောင်ဦးရှိ၊ မရှိ မေးမြန်းသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။