ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)ရဲ့ သားမက်ဖြစ်သူ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တက်ရောက် မည်
2016.01.19

လာမယ့်ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသီးသီးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်စာရင်းထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းနိုင် လည်း ပါဝင်တယ်လို့ သိရပါတယ်။
အရင်က တိုင်းဒေသကြီးလွှတ်တော်တွေမှာ ဗိုလ်မှူးကြီးအဆင့် တာဝန်ယူထားသူသာ အမြင့်ဆုံးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူမယ့် ဒီလွှတ်တော်သက်တမ်းမှာ တပ်မတော်က တာဝန်ကြီးတဲ့သူတွေ ပါဝင်လာတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်မှာ ဗိုလ်မှူးချုပ်သိန်းနိုင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သားမက်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့နယ်ကနေ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဇေယျက ပြောပါတယ်။
ဒုတိယအကြိမ် လွှတ်တော်အသီးသီးမှာ တက်ရောက်မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အသီးသီးအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၈၆ ဦး အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဖြစ်ပြီး အခုထုတ်ပြန်တဲ့ စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ၊ အမျိုးသားလွှတ်တော်အတွက် ၅၆ ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၂၂၀ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ်အဆင့်ရှိသူ ၂ဦး၊ ဗိုလ်မှူးချုပ်အဆင့် ၆ဦးနဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိတဲ့ အမျိုးသမီးကိုယ်စားလှယ် ၂ဦးလည်း ပါဝင်ပါတယ်။ အမျိုးသားလွှတ်တော်မှာ ဗိုလ်ချုပ် ၁ဦး၊ ဗိုလ်မှူးချုပ် ၆ဦး ပါဝင်ပြီး အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ပါဝင်တာ မတွေ့ရပါဘူး။
အရင်ပထမအကြိမ် လွှတ်တော်တွေစတင်ခဲ့စဉ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်သူပါခဲ့ခြင်းမရှိပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းစီ ပါဝင်မယ့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ တင်သွင်းရတာဖြစ်ပါတယ်။