ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင် ကြိုတင်မဲပေး
2015.11.07

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ဟာ ဒီနေ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာက မဲရုံ အမှတ် ၂မှာ ကြိုတင်မဲပေးခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဒုတိယသမ္မတဟောင်း သီဟသူရ တင်အောင်မြင့်ဦး တို့ရဲ့ နာမည်တွေပါတယ်လို့ ညောင်ပင်ကြီးစုကျေးရွာက မဲရုံမှူး ဦးကျော်ဆန်းက ပြောပါတယ်။
ပုဗ္ဗသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နဲ့ အန်အယ်လ်ဒီပါတီက ဦးတင်သစ်တို့ ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီမဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၇ သောင်းနီးပါး ရှိပါတယ်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီမဲရုံမှာပဲ ကိုယ်တိုင်ကိုယ်ကျ မဲပေးခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဇနီးဟာ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ အမှတ် ၅ အထက်တန်းကျောင်းက မဲရုံအမှတ် ၁ မှာ မနက်ဖြန် လာရောက်မဲပေးကြမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇေယျာသီရိမြို့နယ်က တပ်တွင်းမဲရုံမှာ မနက်ဖြန် မဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းကတော့ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ဖြူးမြို့နယ် မဲဆန္ဒနယ်မှာ မဲပေးမှာဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပျော်ဘွယ်မြို့နယ်မှာ မနေ့က ကြိုတင်မဲပေးခဲ့တယ်လို့ သိရပါတယ်။