မဟာသန္တိသုခကျောင်းအရေး သမ္မတထံ အကူအညီတောင်း


2014.06.15
mahatannithukha-monastry-305 မဟာသန္တိသုခကျောင်းပုံ
Photo: yatanavasatemple.ning.com

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အာဏာပိုင်တွေ အင်အားသုံးသိမ်းပိုက်ပြီး ချိတ်ပိတ်လိုက်တဲ့ မဟာသန္တိသုခကျောင်းကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတအနေနဲ့ တရားနည်းလမ်းနဲ့ အညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း ပီနန်ဆရာတော်ကြီးက RFA ကို မိန့်ကြားတော်မူပါတယ်။

ဒါ့အပြင်၊ ဇွန်လ ၁၀ ရက်နေ့ညက ကျောင်းက ဖမ်းစီးသွားပြီး အရေးယူထားတဲ့ သံဃာများကိစ္စကို လည်း ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ အခုလိုသံဃာတွေကို ဖမ်းစီးပြီး လူဝတ်လဲလိုက်တာဟာလည်း ဝိနည်းတော်နဲ့ ညီညွှတ်ခြင်းမရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။

"ဝိနည်းလွတ်အောင် ဘာပြောသလဲ၊ သူ့မှာဘာအပြစ်ရှိသလဲ ဆိုတာမေးရသေးတယ်၊ သူကိုယ်တိုင်က ဝန်ခံပြီးတော့ ဒီအမှုကို ကျူးလွန်ပါတယ်ဆိုမှ၊ နောက် သင်္ကန်းချွတ်လောက်တဲ့ဥပဒေက ပါရာဇိက ကျမှချွတ်တာ၊ အဲဒါသူတို့က ဘာမှမေးခြင်းစမ်းခြင်းမရှိပဲနဲ့ သင်္ကန်းချွတ်တယ်ဆိုတာက အဲဒါအာဏာနဲ့ လုပ်တဲ့အလုပ်ပဲ "

အဲဒီ လူဝတ်လဲခံရတဲ့ သံဃာတော်များဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က ကြွလာတဲ့ဆရာတော်တွေဖြစ်တဲ့ ဦးဥတ္တရ၊ ဦးပညာဝရ၊ ဦးသူန္ဒရ၊ ဆရာတော်နဲ့ အတူနေသူ ဦးနန္ဒိယအပြင် ကမ္ဘာအေးသံဃာ့တက္ကသိုလ်က ဦးတိစ္တိန္ဒ တို့ဖြစ်ကြပါတယ်။

ဒီသံဃာတွေဟာ အာဂန္တုအနေနဲ့ ကျောင်းမှာ ခေတ္တလာရောက်သီတင်းသုံးနေကြတာဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ပီနန်ဆရာတော်ကြီး ဦးပညာဝံသကို ဦးတင်အောင်ခိုင်က ဆက်သွယ်ထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။