သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်ဆောက်မည်


2016.04.11
thaungyin-river-620.jpg သောင်ရင်းမြစ်ကို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှ မြင်တွေ့ရစဉ်
Photo: Kyaw Htoon Naing/RFA

ကရင်ပြည်နယ် မြဝတီမြို့က သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်ဆောက်ဖို့ကို လွှတ်တော်ကနေ အမြန်ဆုံး လုပ်ဆောင်ပေးသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

ဒီနေ့ မြဝတီမြို့ သောင်ရင်းခန်းမမှာပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲ အခမ်းအနားမှာ ဒေသခံတွေရဲ့ တင်ပြတောင်းဆိုချက် ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးမယ်လို့ ဦးမန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း မြဝတီမြို့နယ် ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

"သောင်းရင်းမြစ်ရဲ့ မြစ်ထိန်းနံရံပေါ့နော် ဆောင်ရွက်ဖို့ကို လွှတ်တော်မှာ တင်ပြပေးဖို့ပေါ့နော်၊ အဲ့ဒါကို ဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အချက်အလက်လေးတွေကို စုဆောင်းပေးပြီးတော့ ပို့ပေးရမှာပေါ့နော်၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုလွှတ်တော် နာယကကြီးက ဒီပြည်နယ်ဝန်ကြီးချုပ်ကို ညှိနှိုင်းပြီးတဲ့အခါ ကျတော့ ကျနော်တို့တွေက နေ့ခင်းပိုင်း ၁ နာရီကျော်လောက်မှာ ရိပ်သာမှာ ပြည်နယ်ဝန်ကြီးချုပ်ကနေပြီးတော့ ဒီဟာနဲ့ပါဝင်ပတ်သက်သူတွေကိုခေါ်ပြီးတော့ တွေ့ဆုံပြီးဖြေရှင်းတာကတော့ တော်တေ်ာလေးအဆင်ပြေပါတယ် ခင်ဗျ"

သောင်ရင်းမြစ်ဟာ ထိုင်း-မြန်မာနိုင်ငံနယ်စပ်ကို ပိုင်းခြားထားတဲ့မြစ်ဖြစ်ပြီး မြန်မာဖက်အခြမ်းမှာ ကမ်းထိန်းနံရံတွေ တည်ဆောက်ဖို့အတွက် ခန့်မှန်းအနေနဲ့ ပေပေါင်း ၂၀၀ ကျော်လောက် အရေးတကြီး လိုအပ်နေတာဖြစ်ပါတယ်။ မိုးတွင်းမှာ ရေကြီးတာ ရေလျှံတာကြောင့် နှစ်စဉ်အခက်အခဲ ဖြစ်နေကြရတာပါ။

သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်ဆောက်ဖို့အတွက် အချက်အလက်တွေကို စုဆောင်းခိုင်းထားပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဦးမန်းဝင်းခိုင်သန်းဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၈ ကနေ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။

လွှတ်တော်နားရက်ကာလမှာ သူ့ရဲ့မဲဆန္ဒနယ်မြေကလူထုနဲ့ လာရောက်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့အတွက် လာရောက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။