KIA တပ်မဟာ ၉ ကိုတန်ပြန်စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာလို့ စစ်ကောင်စီ ထုတ်ပြန်

2022.10.24
KIA တပ်မဟာ ၉ ကိုတန်ပြန်စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာလို့ စစ်ကောင်စီ ထုတ်ပြန် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ ၉ တည်နေရာပြမြေပုံ။
(Image: RFA)

စစ်ကောင်စီတပ်စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ နယ်မြေကို လိုအပ်သလို စစ်ဆင်ရေးတွေတန်ပြန်ဆောင်ရွက်ခဲ့တာလို့ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ပါတယ်။

KIA နဲ့ PDFတွေက အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ မိုးမောက်မြို့နယ်က စစ်ကောင်စီ စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီးကသာ၊ ရွှေကူနဲ့ ဗန်းမော်ကြား ခရီးသည်တင်ရေယာဉ်တွေကို အကြောင်းမဲပစ်ခတ်မှုကြောင့် KIA တပ်မဟာ ၉ နယ်မြေကို စစ်ဆင်ရေးလုပ်ခဲ့တာလို့ ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့နေရာဟာ တရားမဝင်ကျောက်သူဋ္ဌေး တချို့နဲ့ KIA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေသာ ဝင်ရောက်နိုင်တဲ့နေရာဖြစ်ပြီး အများပြည်သူသွားလာဖို့ လုံခြုံရေးအရ ကန့်သတ်ချက်ရှိတဲ့နေရာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သတင်းမီဒီယာတွေက တေးဂီတဖျော်ဖြေပွဲကို တပ်မတော်က လေယာဉ်နဲ့ ဗုံးကြဲလို့ အပြစ်မဲ့ပြည်သူတွေနဲ့ ကချင်ဝါရင့်အဆိုတော်တချို့သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေသာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေသေဆုံးခဲ့တယ်ဆိုတဲ့အပေါ် ငြင်းဆိုပေမယ့် ဖားကန့်မြို့ခံတစ်ဦးက ကေအိုင်အို တည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည် တေးဂီတ ဖျော်ဖြေပွဲ ကျင်းပနေချိန်ဖြစ်လို့ အဲ့ဒီနေရာမှာ လူအများအပြားရှိခဲ့တယ်လို့ RFA ကိုပြောထားပါတယ်။

"လူထုကလည်း အုံလိုက်ကျင်းလိုက် ရှိနေတာကို အဲနေရာမှာ မိုင်းက လေးလုံးဆိုတော့ ထောင်ဂဏန်းရှိနေတဲ့အချိန် လူပုံအလယ်တည့်တည်မှာ လာခွဲတယ်ဆိုတော့ အတည်မပြုနိုင်တဲ့ သတင်းတွေအရတော့ ရာထပ်တယ်လို့ ပြောနေကြတယ်”

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ အရပ်သားတွေအပြင် ကေအိုင်အေက စစ်ဘက်အရပ်ဘက်ဝန်ထမ်းတွေလည်းပါဝင်ပြီး စစ်ကောင်စီက ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုကြောင့် နှစ်ဖက်အဖွဲ့အစည်းကြား အမုန်းတရား ပိုတိုးပွားလာနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းအထိ စာရင်းအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၆၀နဲ့ထိခိုက်ဒဏ်ရာရသူ ၆၀ ခန့် ရှိပြီလို့ ကချင်အမျိုးသမီးအစည်းအရုံး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ၊ အမျိုးသမီးများအဖွဲ့ချုပ် စတဲ့ အရပ်ဖက်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။