ပြည်သူ့ှဆန္ဒ ထင်ဟပ်စေမယ့် ရွေးကောက်ပွဲလို့ သမ္မတဦးသိန်းစိန် ပြော
2015.10.06

မဲစာရင်းတွေ မှားယွင်းနေတဲ့ကိစ္စအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံအားနည်းတဲ့ စိန်ခေါ်မှုတွေရှိနေပေ မယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို အခိုင်အမာထင်ဟပ်မယ့် ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတရဲ့ လစဉ် တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ဒီကနေ့ မနက်က ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။
"မဲစာရင်းနဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ လိုအပ်ချက်များကို ဖြေရှင်းနိုင်ဖို့အတွက် မဲဆန္ဒရှင်ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ အုပ်ချုပ်ရေးကဏ္ဍကနေ ဆောင်ရွက်ပေးနိုင်မယ့်ကိစ္စရပ်များကို အစိုးရအနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါတယ်၊ ၂ဝ၁၅ ရွေးကောက်ပွဲများဟာ ကျနော်တို့နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးပါတဲ့ အလှည့်အပြောင်းဖြစ်တယ်လို့ ကျနော့်အနေနဲ့ အစဉ်ရပ် တည်ပြောကြားခဲ့ပါတယ်၊ မဲစာရင်းကိစ္စအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံအားနည်းမှုစတဲ့ စိန်ခေါ်မှုများရှိနေသည့်တိုင်အောင် ဒီရွေးကောက်ပွဲများဟာ ပြည်သူ့ဆန္ဒကို အခိုင်အမာထင်ဟပ်မည့် ရွေးကောက် ပွဲများဖြစ်မယ်လို့ ယုံကြည်ပါတယ်"
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် လိုက်နာရမယ့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်တွေကို လိုက်နာကြဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ရလဒ်တွေကိုလည်း ပြည်သူတွေရဲ့ ဆန္ဒမှန်အဖြစ် သဘောထားကြီးစွာ လက်ခံနိုင်ကြဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်မှတ်ရေးထိုး အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ လမ်းကြောင်းဖွင့်ထား မှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။