ငြိမ်းချမ်းရေးညီလာခံံဟာ တာဝန်လွဲှပြောင်းပေးရမယ့် ကိစ္စမှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်


2016.01.12
theinsein-peace-conference-620.jpg ဇန်နဝါရီ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ "ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ" ဖွင့်ပွဲအခမ်းအနားမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်
Photo: RFA

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံံကို စတင်ခေါ်ယူကျင်းပရခြင်းဟာ လက်ရှိအစိုးရအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရသစ်ထံ တာဝန်လွဲှပြောင်းပေးရမယ့် ကိစ္စတွေထဲက အထူးအရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ မြန်မာကွန်ဗန်းရှင်းစင်တာ (၂) မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ က ပြောခဲ့တာ ဖြစ်ပါတယ်။

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပရခြင်းအကြောင်းက ကျနော်တို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမယ့်အစိုးရသစ်ထံ အစိုးရတာဝန်များကိုလွှဲပြောင်းပေးတဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ခုကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ သိမ်မွေ့နက်နဲပြီး ကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရသစ်ထံ စနစ်တကျလွှဲပြောင်းပေးရန် အထူးအရေးပါတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်၊ ဒီညီလာခံကို ကာလအပိုင်းခြားတစ်ခုအနေနဲ့ ဆောင်ရွက်တဲ့ အခမ်းအနားတစ်ခုမဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် ဖြစ်စဉ်တစ်ခု အစပျိုးခြင်းသာဖြစ်ပါတယ်"

လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ်မှာ တပ်မတော်အနေနဲ့ သံသယစိတ်မထားဘဲ မိမိတို့ စိတ်ဆန္ဒအရ လက်မှတ်ရေးထိုးနိုင်ဖို့ တံခါးဖွင့်ထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်ပွဲမိန့်ခွန်းမှာ ပြောပါတယ်။

"လက်မှတ်ရေးထိုးမှုမရှိသေးတဲ့ အဖွဲ့များအပေါ်မှာတပ်မတော်အနေနဲ့ သံသယစိတ်မထားဘဲ မိမိတို့စိတ်ဆန္ဒတိုင်း အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ဖို့ တံခါးဖွင့်ထားသလိုပဲ နိုင်ငံတော်အစိုးရပြည်သူနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ပြင်းပြတဲ့ဆန္ဒမှန်ကိုလည်း တွေ့မြင်ကြမှာဖြစ်ပါတယ်"

ဒါ့အပြင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိသလို လက်မှတ်မထိုးနိုင်တဲ့ အဖွဲ့တွေရှိနေပေမယ့် ဒီ NCA စာချုပ်ဟာ အစိုးရ ၊ တပ်မတော် ၊ လွှတ်တော်နဲ့ ဆွေးနွေးဖက် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသဘောတူထားတဲ့ စာချုပ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ မူတူးစေးဖိုးတို့က အဖွင့် မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်နေသူတချိုရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။