ရွေးကောက်ပွဲလွန်ကြားကာလ တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ သမ္မတရုံးပြောကြား
2015.11.11

ရွေးကောက်ပွဲအလွန် ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက်အားလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် တိုင်းရင်းသားမိဘပြည်သူတွေ အားလုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဆင့်ဆင့်သော ကော်မရှင်များ၊ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြသော တပ်မတော်တပ်ရင်းတပ်ဖွဲ့များနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများ၊ ရွေးကောက်ပွဲ အထူးရဲများ၊ လေ့လာစောင့်ကြည်မှုတွေ ဆောင်ရွက်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ဂုဏ်သိက္ခာရှိရှိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းအားလုံးကို နိုင်ငံတော်နဲ့ နိုင်ငံသားများကိုယ်စား ကျေးဇူးတင် ရှိကြောင်း ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် ရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်နေရာအများစုဖြင့် ဦးဆောင်နေတဲ့အတွက် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ အောင်မြင်မှုကို လှိုက်လှဲဝမ်းမြောက်စွာ ချီးကျူး ဂုဏ်ပြုကြောင်းကိုလည်း ရေးသားထားပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူတွေရဲ့ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များအတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အဆိုပြုတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းများ ပြီးဆုံးချိန်မှာ နှစ်ဘက်ညှိနှိုင်းဆောင်ရွက်မယ်လို့လည်း ဖော်ပြထားပါတယ်။