အလုပ်သမားလက်မှတ် အစီအစဉ် ထိုင်းအာဏာပိုင်များ ရှင်းလင်း
2011.06.07

(Photo: AFP)
အစည်းအဝေးကို ဘန်ကောက်မြို့ ဆူကွန်ဗစ် ဒေသရှိ ရမ်းဘရင့် ဟော်တယ်မှာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့သူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ဒေါ်သက်သက်ဦးက -
အခုတခေါက် ပြုလုပ်ပေးမယ့် အလုပ်သမား မှတ်ပုံတင်တဲ့အခါမှာ one stop service လို့ခေါ်တဲ့ လုပ်ငန်းစဉ် အကုန်လုံးကို တကြိမ်ထဲ တနေရာထဲမှာ ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် အလုပ်သမားတွေဟာ အရင်ကလို ဟိုရုံးဒီရုံး ကူးပြောင်းစရာ မလိုတဲ့အပြင် ဘတ်လို့ခေါ်တဲ့ ပန်းရောင် ကဒ်ပြားပါ တခါတည်း လက်ခံရရှိတော့မှာ ဖြစ်ပါတယ်။
ဒီအတွက် ယခင်ကလို လုပ်ငန်းရှင်က မိမိတို့ရဲ့ အလုပ်လုပ်ခွင့် ဘတ်လက်မှတ်ကို သိမ်းဆည်းထားမှုတွေကနေ ရှောင်ရှားနိုင်တဲ့ အခွင့်အလမ်းကောင်းတခု ဖြစ်လာတယ် လို့ ပြောပါတယ်။
ပန်းရောင်ကဒ်ပြား တခါတည်း ထုတ်ပေးလိုက်ခြင်းအားဖြင့် အလုပ်သမားတွေဟာ ဒီလက်မှတ် မပြနိုင်လို့ ဒေသဆိုင်ရာ အာဏာပိုင်ရဲတွေက ဖမ်းဆီး ငွေညှစ်တောင်းခံမှုတွေ ရှိခဲ့ပါတယ်၊ ဒါကြောင့် အခုလို ဘတ်ကဒ်ပြားကို လက်ဝယ် တပါတည်း ကိုင်ဆောင်ခွင့်ရတော့မှာဟာ သတင်းကောင်းတခုပဲ ဖြစ်ပါတယ်၊
ဒီဘတ်လက်မှတ် လုပ်ဖို့အတွက် ငွေကုန်ကြေးကျ ဘယ်လောက်ကုန်ကျမယ် ဆိုတာကိုတော့ သူက
“ကုန်ကျစရိတ်ကတော့ အရင်နှစ်လိုပဲပေါ့နော်။ အလုပ်သမား လက်မှတ် တင်သွင်းခွင့်က ၉၀၀ သို့မဟုတ် ၁၈၀၀ ကျနိုင်တယ် ဆေးရုံ ဘတ်လက်မှတ်က ကျန်းမာရေး ဆေးစစ်ခ ၆၀၀ ကျန်းမာရေး အာမခံ အတွက်က ၁၃၀၀ ပေါ့။ နှစ်ရပ်ပေါင်းရင် ၁၉၀၀ ကုန်မယ်လို့ သူတို့ ပြောသွားတယ်” ။
ဘန်ကောက်မြို့ပေါ်မှာရှိတဲ့ အလုပ်သမားတွေဟာ ဒေသ ၁၀ ခုမှာ ဖွင့်လှစ်ပေးထားမှာဖြစ်တဲ့ အလုပ်သမားရုံးတွေမှာ သွားရောက် မှတ်ပုံတင်ရမှာ ဖြစ်ပြီး အခြားခရိုင် အသီးသီးမှာရှိတဲ့ အလုပ်သမားတွေ ကတော့ ဒေသဆိုင်ရာ ခရိုင် အလုပ်သမားရုံးတွေမှာ တင်ကြရမှာ ဖြစ်ပါတယ်။
မှတ်ပုံတင်ခွင့် ကာလကို အလုပ်သမား အားလုံး အတွက် ဇွန် ၁၅ ကနေ ဇူလိုင် ၁၄ ရက်နေ့ အထိ ခွင့်ပြုတယ် ဆိုပေမဲ့ ငါးဖမ်း လုပ်ငန်းတွေမှာ ရှိနေတဲ့ အလုပ်သမားတွေ အတွက်ကတော့ အချိန်ပို ပေးထားပါတယ်။
ဒီအကြောင်းကိုတော့ ပင်လယ်ပျော်များ သမဂ္ဂ ဥက္ကဌ ဦးသူရက -
“ရေလုပ်သားတွေ အတွက် ကျတော့ ဇွန်လကနေ ၁၃ ရက်နေ့ သြဂုတ်အထိပေါ့နော်။ အဲဒီအထိ အချိန် အတိုင်းအတာ ပေးထားတယ်။ မှတ်ပုံတင် စာရင်းသွင်းရမယ်ပေါ့နော်။ ပြီးလို့ရှိရင် တပြိုင်နက်ထဲပေါ့နော်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတဲ့ အခါကြတော့ ဒီ ဇွန်လ ၁၅ ရက်နေ့ကနေ စပြီးတော့ အောက်တိုဘာ ၁၂ ရက်နေ့အထိ သူတို့ ခွင့်ပြုထားတယ်။
work permit ကိစ္စ ဒီအလုပ်လုပ်ကိုင်ခွင့်ကြတော့ ဇွန်လ ၁၅ ရက်နေ့ကနေ စပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ပေးထားတယ် ဆိုတဲ့ အကြောင်း ဒီ သူတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ အလုပ်သမား ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဥ ်အထဲမှာ ပါပါတယ်ဆိုတာ ရှင်းပြတယ်”။