ဦးပိုင်ကုမ္ပဏီမြေဖို့တာ တားမြစ်တဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီး
2018.05.12

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြိုနယ် သီလဝါကျေးရွာအနီးက လယ်မြေဧက ၁ဝဝ ပေါ်မှာ ဦးပိုင်ကုမ္ပဏီက ဒီနေ့ သဲတင်ဖို့ ပြုလုပ်တာကို တားဆီးတဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က ဒီနေ့ညနေမှာ သေနတ်ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်။
သေနတ်ထိမှန်သူ ၃ ဦး၊ ဖမ်းဆီးခံရသူ ၄ ဦး ရှိတယ်လို့ ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်ပေးနေတဲ့ ကျွန်းချောင်းလေးဆရာတော် ဦးစန္ဒာဝရ က မိန့်ပါတယ်။
"ညနေ ငါးနာရီထိုးမှာ စပြီးတော့ ရဲက ထိကရုဏ်းနှိမ်နင်းတဲ့ပုံစံနဲ့ စပြီးတော့ အကြမ်းဖက် နှိမ်နှင်းတယ်၊ ဖြိုခွင်းတာပေါ့။ ဖြိုခွင်းတော့ ရာဘာကျည်ဆံ ပါလာတယ်ဗျာ။ ရာဘာကျည်ဆံပါတော့ သုံးယောက်ထိတယ်ပေါ့။ လေးယောက်ကတော့ အဖမ်းခံရတယ်ပေါ့။ လောလောဆယ် အထိများတဲ့ အမျိုးသမီးတစ်ယောက်ကို ကားနဲ့တင်ပြီး ဆေးရုံလာပို့နေလို့ ဆေးရုံရောက်နေပါပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ ပုန်းနေကြတယ်။ ရဲတွေက လိုက်ရှာနေတော့လေ"
တားမြစ်ရာမှာ ပါဝင်ခဲ့တဲ့ ဦးဆောင်လယ်သမားတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။
ဒီနေ့မနက်ပိုင်းကလည်း ဦးပိုင်ကုမ္ပဏီဝန်ထမ်းတွေက သဲတင်ဖို့ ပြုလုပ်တာကို လယ်သမား ၄ဝ လောက်က တားမြစ်ရာမှာ ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ လယ်သမားတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ် ခဲ့ပါတယ်။
လယ်သမားတွေကို လျော်ကြေးပေးဖို့ ညှိနှိုင်းတာမရှိတဲ့အတွက် တားမြစ်တာလို့ လယ်သမားတွေက ပြောကြပါတယ်။
မနက်ပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်မှာလည်း ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူ တစ်ဦးက တားမြစ်တဲ့ လယ်သမားတွေကို ဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီလယ်မြေတွေဟာ ၁၉၉၅-၉၆ ခုနှစ်တုန်းက နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတည်ဆောက်ဖို့ဆိုပြီး ဆိပ်ကမ်း အာဏာပိုင်က လယ်သမားတွေကို တစ်ဧက ကျပ် ၂ သောင်းနှုန်းပေးကာ သိမ်းယူခဲ့တဲ့ အကွက်အမှတ် ၁၂ ၊ ၁၃ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်နောက်ပိုင်း ဆိပ်ကမ်းအာဏာပိုင်က စီမံကိန်းကို အကောင်အထည်မဖော်တာကြောင့် ခြုံတွေဖြစ်ကာ လက်ရှိဝင်ရောက်လုပ်ကိုင်နေတဲ့ လယ်သမားတွေက လယ်မြေအဖြစ် ခုတ်ထွင်ရှင်းလင်း လုပ်ဆောင်တာဖြစ် တယ်လို့ သိရပါတယ်။
လက်ရှိ အဲဒီလယ်ဧက ၁ဝဝ ကျော်မှာ လယ်ပိုင်ရှင် ၉ ဦးနဲ့ ရေလုပ်ငန်းလုပ်ကိုင်ပြီးနေထိုင်သူ၊ ပလုံးကောက်နေ ထိုင်သူ၊ သီလဝါစက်မှုဇုန်မှာလုပ်ကိုင်ပြီး နေထိုင်သူတွေရဲ့ တဲအိမ် စုစုပေါင်း ၃၉ လုံးရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်နှစ်ကျော်ကလည်း အဲဒီလယ်ဧက ၁ဝဝ ကျော်ကို ဦးပိုင်ကုမ္ပဏီက ခြံစည်းရိုးခတ်လိုက်တာကြောင့် လယ်သမားတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုထားတဲ့ သီလဝါတောင်သူ ၃၃ ဦးကို ကျောက်တန်းမြို့နယ်တရားရုံးက မေလ ၇ ရက်နေ့က ငွေဒဏ် ၅ဝဝ ကျပ်စီပေးဆောင်ဖို့ အမိန့်ချမှတ် ခဲ့ပါတယ်။