သြင်္ကန်ရုံးပိတ်ရက်လျှော့ဖို့ ဝန်ကြီးဌာနတွေရဲ့ သဘောထားတောင်းခံ
2017.03.09

သြင်္ကန်နှစ်သစ်ကူး ရုံးပိတ်ရက်ကို ၅ ရက်အထိ လျှော့ချဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က စီစဉ်နေ ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ဝန်ကြီးဌာနတွေရဲ့ သဘောထားကို မနေ့က စာပေးပို့ပြီး တောင်းခံထား ပါတယ်။
အဲဒီလိုပိတ်ရက် လျှော့ချမယ့်ကိစ္စနဲ့ပတ်သက်ပြီး မိမိတို့ဝန်ကြီးဌာနအနေနဲ့ ဘာပြဿနာမှမရှိသလို ဝန်ထမ်းတွေ အနေနဲ့လည်း အခွင့်အရေးဆုံးရှုံးတာ မဟုတ်ဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောပါတယ်။
"ဟိုးအရင်ကလည်း ဒီအတိုင်းပဲ ကျနော်တို့ သြင်္ကန်ဆို ၄၊ ၅ ရက်ပဲရတာပဲ၊ ဟိုးယခင်ကလည်း ဒီအတိုင်းပဲ ကျနော်တို့ လုပ်လာတာ၊ ကျနော်တို့ ဌာနအတွက်ကတော့ အခက်အခဲမရှိပါဘူး၊ ဝန်ထမ်းတစ်ယောက် အတွက်က ရုံးပိတ်ရက်ဆိုတာ သတ်မှတ်ပေးရင် သတ်မှတ်တဲ့အတိုင်းပဲ သွားရုံပဲလေ၊ ဘာမှအခွင့်အရေး ဆုံးရှုံးတာလည်း မဟုတ်ပါဘူး"
သြင်္ကန်ကာလရှည် ရုံးပိတ်ရက်ကြောင့် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ ရုံးလုပ်ငန်းနဲ့ ဘဏ်လုပ် ငန်းတွေ အခက်အခဲတွေ ဖြစ်ပေါ်လာတာ၊ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြန့်ကြာတာတွေ တွေ့ရှိ ရတယ်လို့လည်း အစိုးရအဖွဲ့ရုံးရဲ့စာမှာ ပါရှိပါတယ်။
ရုံးပိတ်ရက်ကို သြင်္ကန်အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ ၅ ရက်သာ ပြောင်းလဲသတ်မှတ်ပြီး ကျန်တဲ့ ၅ ရက်ကို သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ နိုင်ငံတကာနှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ အစားထိုးဖို့ ဆောင်ရွက် မယ်ဆိုရင် ဝန်ကြီးဌာနတွေအနေနဲ့ အဆင်ပြေ/မပြေကို ပြည်ထာင်စု အစိုးရအဖွဲ့ရုံးက မေးမြန်းထားတာဖြစ် ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ ဒီနေ့ ညနေ ၃ နာရီ နောက်ဆုံးထားပြီး အကြောင်းပြန်ကြား ရမှာ ဖြစ်ပါတယ်။
အရင်က သြင်္ကန်ရုံးပိတ်ရက်အဖြစ် သြင်္ကန်အကြိုနေ့မတိုင်ခင် တစ်ရက်ကနေ နှစ်ဆန်းတစ်ရက်နေ့အထိသာ ပိတ်ခဲ့ပေမယ့် တပ်မတော်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်ကစတင်ပြီး သြင်္ကန်အကြိုနေ့မတိုင်ခင် တစ်ရက်ကစပြီး ၁၀ ရက်တိတိကို နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။