USDP ကို မဲပေးဖို့ တပ်တွင်းဖိအားပေးခံရကြောင်း ရေးသူ ထောင်ဒဏ်ကိုးလ ချမှတ်ခံရ

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ တပ်တွင်းဖိအားပေးမှုတွေ ရှိနေတယ်ဆိုပြီး Facebook လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တဲ့ မသဉ္ဇာသန်းမင်းကို တပ်မတော်က အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားရာမှာ ပခုက္ကူမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၄ ရက် မနေ့က ထောင်ဒဏ်ကိုးလ ချမှတ်လိုက်ပါတယ်။
မသဉ္ဇာသန်းမင်းကို ရှေ့နေလိုက်ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ချိုချိုမာကတော့ တရားခံဘက်က သက်သေမပြနိုင်တဲ့ အားနည်းချက်ရှိခဲ့တယ်လို့ ပြောပါတယ်။
မသဉ္ဇာသန်းမင်းရဲ့ ရေးသားမှုဟာ တပ်မတော်က ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို မသိနားမလည်ဘဲ ချိုးဖောက်မိတဲ့အတွက် ပြစ်မှုထင်ရှားကြောင်း၊ ဒါပေမဲ့ တရားရုံး ထွက်ချက်တွေမှာ မသဉ္ဇာသန်းမင်းက တပ်မတော်ကို ပြန်လည်တောင်းပန်တဲ့အတွက် သက်ညှာတဲ့ အနေနဲ့ အခုလို ထောင်ဒဏ် ၉ လချမှတ်လိုက်တာလို့ ပခုက္ကူမြို့နယ် တရားသူကြီးက Myanmar Now သတင်းဌာနကို ပြောထားပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့မှာ တပ်မ (၁၀၁) က ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းက မသဉ္ဇာသန်းမင်းကို တပ်မတော်က အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ တပ်မတော်ကိုယ်စား တရားစွဲခဲ့ပြီး ရုံးချိန်း (၉) ကြိမ်အပြီး အခုလို အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး မသဉ္ဇာသန်းမင်း မိသားစုကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မသဉ္ဇာသန်းမင်းကို ပုဒ်မ ၅၀၅ (က) အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) တို့နဲ့ ပခုက္ကူမြို့နယ်ရဲစခန်းမှာ တပ်မတော်က ထပ်မံအမှုဖွင့်ထားတွေ ရှိပေမယ့် လောလောဆယ် တရားရုံးကို ရောက်မလာသေးဘူးလို့ တရားလွှတ်တော် ရှေ့နေ ဒေါ်ချိုချိုမာက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
နိုဝင်ဘာ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဒီအမှုနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ဒါဟာ ပုဂ္ဂလိက ကိစ္စတွေနဲ့ ပြဿနာဖြစ်တာဖြစ်ပြီး ကာယကံရှင်တွေရဲ့ ဂုဏ်သိက္ခာအရ ထုတ်ပြန်ပြောဆိုလို့ မရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။
ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က RFA ကို ပြောပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်တဲ့ ဥပဒေတွေကိုပြုပြင်ဖို့ လိုအပ်နေပြီး မသဉ္ဇာသန်းမင်း အပါအဝင် ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ဖို့ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ အခြား နိုင်ငံရေး အကျဉ်းသား ၃၆ ဦးရှိ ပြန်လည်လွတ်မြောက်ဖို့ အစဉ်တစိုက် တောင်းဆိုနေတယ်လို့ ဦးအောင်မျိုးကျော်က ပြောပါတယ်။