၂၁ ပင်လုံညီလာခံ ကျင်းပမည့်ရက် ထပ်ရွှေ့မည်


2018.02.15
second-21-panglong-622.jpg ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ဒီဖေဖော်ဝါရီလအတွင်းမှာ ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ထပ်မံရွှေ့ဆိုင်းဖို့ ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ဒီနေ့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ရှမ်းလူမျိုးတို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးမှ တတိယအကြိမ် ပင်လုံ အစည်းအဝေး ကျင်းပမှာဖြစ်တဲ့အတွက် ဒီဖေဖော်ဝါရီလထဲမှာ ဖြစ်နိုင်ချေနည်းသွားတယ်လို့ ဦးအောင်စိုး က ပြောပါတယ်။

"အခု ကျနော်တို့ မွန်ပြည်သစ်လည်း လက်မှတ်ထိုးထားပြီးပြီ၊ လားဟူလည်း လက်မှတ်ထိုးထားပြီးပြီ၊ ရှမ်းရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလည်း မပြီးပြတ်သေးဘူး၊ မွန်ပြည်သစ်ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်အောင် ကြိုးစားနေတယ်၊ ရှမ်းကလည်း ဆက်လုပ်နိုင်အောင်၊ အဲဒီဟာ ၂ ခု ပြီးတော့မှပဲ ကျနော်တို့ တတိယအကြိမ် ပင်လုံကို လုပ်နိုင်လိမ့်မယ်၊ ရက်ကိုတွက်ကြည့်လိုက်ရင်တော့ ဒီလထဲမှာ ရက်ကနည်းသွားတာပေါ့၊ ဒီလထဲမှာ ဖြစ်နိုင်ချေ နည်းသွားတာပေါ့၊ မတ်လထဲ ရောက်ကောင်းရောက်သွားလိမ့်မယ်"

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို၂၀၁၈ ဇန်နဝါရီလမှာ ကျင်းပမယ်လို့ သတ်မှတ်ခဲ့ပေမယ့် မကျင်းပဖြစ်ခဲ့ဘဲ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ အရင်က ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပဖို့ ပြောင်းလဲလျာထားခဲ့ပေ မယ့် အခုထပ်ပြီး ရွှေ့ဆိုင်းရမှာဖြစ်ပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ရဲ့ နယ်မြေတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ကျန်ရှိနေသေး တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အပစ်ရပ်လက်မှတ် ရေးထိုးခဲ့တဲ့ အဖွဲ့ ၈ဖွဲ့ထဲက ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးဖို့ ကျန်နေသေးတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ နယ်မြေမှာလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမှာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးတွေကို တစ်နှစ် ၂ ကြိမ် ကျင်းပဖို့ သဘောတူထားပြီး ပထမအကြိမ် အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလနဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။