ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်ထပ်တစ်ဦးတွေ့
2020.03.24

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်ထပ်တစ်ဦးကို မတ်လ ၂၄ ရက် မနေ့က တွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ရောဂါကူးစက်သူ သုံးဦး ရှိသွားပါပြီ။
မတ်လ ၂၁ ရက်နေ့က အင်္ဂလန်နိုင်ငံကနေ မြန်မာနိုင်ငံကို လေကြောင်းခရီးနဲ့ ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာမှာ ဒီနေ့မနက် ၁ နာရီက ထုတ်ပြန်ထားတာပါ။
အသက် (၂၆) နှစ်အရွယ် အဲဒီအမျိုးသားဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး မတ်လ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘုမိလေဆိပ်ကတစ်ဆင့် လေကြောင်းခရီးနဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
အဲဒီအမျိုးသားဟာ ကိုယ်ပူဖျားနာတာ ချောင်းဆိုးတာ စတဲ့လက္ခဏာတွေ တွေ့ရတဲ့အတွက် မတ်လ ၂၃ ရက်နေ့မှာ အင်းစိန်ဆေးရုံမှာ သီးသန့်စောင့်ကြည့်ခဲ့ပြီး မတ်လ ၂၄ ရက်နေ့မှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လောလောဆယ် ကျန်းမာရေးအခြေအနေ သက်သာနေပြီး၊ သူ့ရဲ့ ဓာတ်ခွဲနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဓာတ်ခွဲခန်းကို ဆက်လက်ပေးပို့ အတည်ပြုချက် ရယူသွားမှာ ဖြစ်သလို၊ ထိတွေ့ခဲ့သူအားလုံးကို စုံစမ်းဖော်ထုတ် စောင့်ကြည့်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။