သုံးဆယ်မြို့ We Love Thonze မဏ္ဍပ် ဗုံးခွဲတိုက်ခိုက်ခံရလို့ ရဲတစ်ဦးသေဆုံး

RFA Burmese
2023.04.16
သုံးဆယ်မြို့ We Love Thonze မဏ္ဍပ် ဗုံးခွဲတိုက်ခိုက်ခံရလို့ ရဲတစ်ဦးသေဆုံး ပဲခူးတိုင်း၊ သုံးဆယ်မြို့တစ်နေရာအား တွေ့ရစဉ်။
Wikipedia

ပဲခူးတိုင်းအနောက်ခြမ်း သုံးဆယ်မြို့နယ်ထဲက We Love Thonze မဏ္ဍပ်မှာ လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ ဧပြီ ၁၅ ရက်နေ့ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံးခဲ့သလို လေးဦး ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမဏ္ဍပ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော် နေ့စဉ်ရှိနေတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ရဲဟာ သုံးဆယ်မြို့မှာနေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး နာမည် ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်အဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

"တစ်ဦးသေ၊ လေးဦး ထိခိုက်ဒဏ်ရာရတယ်။ သေသွားတဲ့ရဲကတော့ သုံးဆယ်ဒေသခံလို့ ကြားတယ်။ နေရာမှာတင် ဆုံးသွားတာပေါ့။ ခြေထောက်ရယ်၊ ရင်ဘတ်ရယ် ပွင့်ထွက် သွားတယ်လို့ သိရတယ်။ ဒီမနက်မှာ မဏ္ဍပ်ကရေပက်တာ မတွေ့တော့ဘူး၊ ပိတ်ထား လိုက်ပြီပေါ့"

ပေါက်ကွဲမှုဖြစ်ပြီး မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ သုံးဆယ်မြို့မဈေးနဲ့ ပြည်လမ်းမ ပေါ်မှာ လုံခြုံရေး နှစ်ဆနီးပါးတိုးပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဒေသကာကွယ်ရေးတပ်တွေဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ဒီနှစ်ကျရောက်တဲ့ ၂၀၂၃ သင်္ကြန်မှာ သုံးဆယ်မြို့အတွင်းက စစ်ကောင်စီကို အားပေး ထောက်ခံသူတချို့သာ စုဖွဲ့ပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပေမယ့် ရပ်ကွက်တွေထဲမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။