ပေါင်းတည်မှာ အရပ်သား သုံးဦး သတ်ဖြတ်ခံရ

RFA Burmese
2024.05.10
ပေါင်းတည်မှာ အရပ်သား သုံးဦး သတ်ဖြတ်ခံရ ပေါင်းတည်မြို့ တစ်နေရာအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Paungde Scount Network

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာမှာ မေလ ၅ ရက်မနက်ပိုင်းက သတ်ဖြတ်ခံရထားရတဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ရုပ်အလောင်းတွေကို ကုန်းသာရွာရဲ့ တစ်နေရာစီမှာတွေ့ခဲ့ရတာဖြစ်ပြီး သတ်ဖြတ်ခံရသူတွေဟာ ပေါင်းတည်မြို့နယ်ထဲက မဟုတ်ဘဲ မင်းလှနဲ့ လက်ပံတန်းမြို့နယ်က ဒေသခံတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီသတ်ဖြတ်မှုမတိုင်ခင် မေလ ၄ ရက်နေ့က ကုန်းသာရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ဆိုသူကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၀၆၁ - PPDF တပ်ရင်း၊ တပ်ခွဲ ၅ (တောဘုရင်) အဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ရင်း ၃၆၀၁ ရဲ့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံကတော့ ရုပ်အလောင်းတွေရဲ့လည်ပင်းမှာ သေမင်းတမန်ဆိုတဲ့ ကတ်ပြားတွေ ချိတ်ဆွဲထားတာ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။

“ညပိုင်းမှာ အလောင်းတွေ လာချသွားတာ။ သူတို့က လက်ပံတန်းဘက်မှာ အဖမ်းခံထားရတာကြာပြီ။ အသတ်ခံရတဲ့လူတွေဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဆက်စပ်ပါဘူး။ ဘယ်လိုကြောင့် အဖမ်းခံပြီး အသတ်ခံရလဲတော့ စုံစမ်းနေဆဲပါ”

သေဆုံးသူတွေဟာ မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ ရှားကုန်းကျေးရွာက အသက် ၁၉ နှစ်အရွယ် ကိုအောင်မျိုးလင်းနဲ့ လက်ပံတန်းမြို့နယ်က အသက် ၂၀ ကနေ ၃၀ ဝန်းကျင်အရွယ် ကိုကျော်ဖြိုးလင်းနဲ့ ကိုကောင်းထက်ကျော်တို့ဖြစ်တယ်လို့ သူက ပြောပါတယ်။

လူမှုကွန်ရက်တွေကနေတစ်ဆင့် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာလည်း အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ နောက်အမျိုးသား တစ်ဦးရဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရပါတယ်။

သေမင်းတမန်အဖွဲ့ဟာ ပေါင်းတည်မြိုနယ်ထဲမှာ မရှိဘဲ သာယာဝတီခရိုင်ဘက်မှာ အခြေချလှုပ်ရှားတဲ့ စစ်ကောင်စီထောက်ခံတဲ့ တန်ပြန်လှုပ်ရှားတဲ့ အဖွဲ့တစ်ခုဖြစ်တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၉ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၄,၉၈၁ ဦးသေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။