တောင်ကုတ် စည်ပင်ဥက္ကဋ္ဌ အပါအဝင် သုံးဦးကို အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မနဲ့ အမှုဖွင့်


2020.05.11

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ် စည်ပင်သာယာရေး ဥက္ကဋ္ဌဟောင်း ဦးစန်းဝေနဲ့ ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဝေသောင်းတို့ သုံးဦးကို မြို့နယ်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)နဲ့ အမှုဖွင့်ပြီး အချုပ်ရမန်ယူခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

“တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ အရင်က မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ ဦးစန်းဝေ၊ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက မြို့နယ် အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဝေသောင်း ဒီနေ့မနက်မှာ ဖမ်းတယ်။ အဲဒီ သုံးဦးကို တောင်ကုတ်မြို့နယ် တရားရုံးက ဒီနေ့မှာပဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နဲ့ အချုပ်ရမန်ယူတယ်လေ။”


ရခိုင်အမျိုးသားပါတီ မြို့နယ်အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးဝေသောင်းကိုတော့ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး သုံးဦးလုံးကို ဒီကနေ့ တရားရုံးထုတ် အမှုဖွင့် ရမန်ယူခဲ့တာလို့ ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

အလားတူ စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းဝေကို မေလ ၁၀ ရက် မနေ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အလားတူ လက်ရှိစည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်ကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးနဲ့ သတင်းရဲတပ်ဖွဲ့၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) အဖွဲ့တွေက လာရောက် ဖမ်းဆီးသွား တာဖြစ်ပါတယ်။

စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်ကို ဆက်လက် မေးမြန်းစစ်ဆေးချင်တာကြောင့် ပုဒ်မတပ်ပြီး ရမန် ၁၅ ရက်ယူ တာလို့ ဦးဇေယျကျော်ရဲ့ ဇနီးဖြစ်သူ ဒေါ်ဟန်စုက ပြောပါတယ်။

“ရမန်ယူပြီး ပြန်ထွက်လာတော့ သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၀ (က)နဲ့ ယမန် ၁၅ ရက်ယူတယ်။ သူ့ကို စိတ်မပူပါနဲ့လို့ ပြောသွားတယ်။ သိရတာကတော့ စစ်ဆေးတဲ့အခါ ဒီဘက်မှာ သက်သေအထောက် အထားလို့ပေါ့နော် ဆက်ပြီးတော့ စစ်ဆေးချင်သေးလို့ ပုဒ်မတပ်ပြီးတော့ ရမန်ဆက်ယူတဲ့ သဘောဖြစ်တယ်”

တရားရုံးကနေ အိမ်ပြန်ရောက်ချိန်မှာ ဦးဇေယျကျော် အပါအဝင် သုံးဦးကို ရန်ကုန်မြို့ကို ခေါ်ဆောင်သွားကြောင်း အသိတစ်ယောက်က ဖုန်းဆက်ပြောကြားကြောင်း ဦးဇေယျကျော်ရဲ့ ဇနီး ဒေါ်ဟန်စုက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူ။

လက်ရှိစည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်ဟာ စည်ပင်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေသလို တောင်ကုတ်မြို့နယ် ကိုဗစ် ၁၉ ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသူ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် ရမန်ယူပြီး စစ်ဆေးလဲဆိုတာ တိတိကျကျ ပြောဆိုတာ မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းက စခန်းမှူးလှတင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

လူမှုကွန်ရက်မှာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် တင်တယ်ဆိုပြီး စွပ်စွဲတယ်လို့ ဦးဇေယျကျော်က ဒီနေ့ ရုံးထုတ်မှာပြောခဲ့ကြောင်းနဲ့ စည်ပင်ဥက္ကဋ္ဌဟောင်း ဦးစန်းဝေကတော့ တောင်ကုတ်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သူ့အနေနဲ့ လုပ်ဆောင်ခဲ့ကြောင်း၊ အခုလို စွပ်စွဲခံရတာဟာ မြို့နယ်ဖွံ့ဖြိုးရေးကို မလိုလားသူတွေ ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း တောင်ကုတ်မြို့နယ်တရားရုံးမှာ ဦးပြုံးချိုအပါအဝင် ငါးဦးကို ရမန် ၄ ရက်ယူထားတာရှိပါတယ်။

သူတို့ ငါးဦးဟာ ဒီနေ့ ရမန်စေ့လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲတင် လိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ပြောပါတယ်။

အဲဒါကြောင့် တောင်ကုတ်မြို့နယ်မှာ အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅၂ က နဲ့ တရားစွဲတင်ခံရသူ ငါးဦး ရှိပြီး ပုဒ်မ ၅၀ က နဲ့ ရမန်ယူထားသူ သုံးဦး စုစုပေါင်း ရှစ်ဦးရှိပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်ချမှတ်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။