အာဆီယံ အင်ဂျင်နီယာအဖွဲ့ချုပ်က သူရ ဦးရွှေမန်း ကို ဂုဏ်ထူးဆောင် ဘွဲ့ ပေးအပ်
2015.12.17

အာဆီယံအင်ဂျင်နီယာ အသင်းများအဖွဲ့ချုပ် AFEO က ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းကို ဒီနေ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ အင်ဂျင်နီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာပညာရပ် ပြန့်ပွားရေး၊ အင်ဂျင်နီယာကောင်စီ ဥပဒေ ပေါ်ပေါက်ရေးတွေနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေအတွက် သူရဦးရွှေမန်းကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ချီးမြှင့်ပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ့ ဘွဲ့တံဆိပ်ဟာ အင်ဂျင်နီယာ မဟုတ်ပေမဲ့၊ အင်ဂျင်နီယာကဏ္ဍ ဖံ့ွဖြိုးတိုးတက်အောင် ကူညီထောက်ပံ့ပေး သူတွေကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ အာဆီယံ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်က နှစ်စဉ်ပေးအပ်နေတဲ့ ဘွဲ့တံဆိပ် ဖြစ်ပါတယ်။
အဲဒီ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် လက်ခံရယူတဲ့ အခမ်းအနားမှာ သူရဦးရွှေမန်းက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ ပြည်သူတွေရဲ့ တာဝန်ပေးအပ်ခြင်းမခံရပေမယ့် နိုင်ငံသားတစ်ယောက်အနေနဲ့ အများအကျို၊ နိုင်ငံ့အကျိုးအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း အင်ဂျင်နီယာကောင်စီဥပဒေ အပါအဝင် ဥပဒေပေါင်း ၁၉၈ ခုကို ပြဌာန်းနိုင် ခဲ့တယ်လို့ သိရပါတယ်။