ရခိုင်ပြည်နယ်ကို ရခိုင်ကိုယ်စားလှယ်တွေ စီမံနိုင်စေလိုကြောင်း ဦးတင်ဦး ပြော
2015.11.02

ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်က စီမံခန့်ခွဲနိုင်ဖို့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိနိုင်ပါစေလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးတင်ဦးက ပြောပါတယ်။
ဒီကနေ့ စစ်တွေမြို့ အာရီယန်ခန်းမမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးဟောပြောပွဲမှာ ဦးတင်ဦးက ပြောကြားခဲ့တာပါ။
"ရခိုင်ပြည်သူပြည်သားအားလုံးတို့သည် ရှေးပဝေသဏီကတည်းက လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် တဲ့ နိုင်ငံတော်နဲ့ ကိုယ့်မင်းကိုယ်ချင်းနေခဲ့သလို တိုင်းရင်းသားထဲက အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေကလည်း အရွေးခံရပြီးတော့ မိမိပြည်နယ်ကို ကိုယ့်ဘာသာကိုယ် ဖန်တီးခန့်ခွဲစီမံနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်"
လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အများစု အနိုင်ရခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းရင်းသားတွေ အုပ်ချုပ်နိုင်မှာဖြစ်တယ်လို့လည်း ဦးတင်ဦးက ပရိသတ်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားခဲ့ ပါတယ်။ မကြာမီကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံအတွက် ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခုဖြစ်မယ့် အချိန်ကာလတစ်ခုဖြစ်တာကြောင့် ကောင်းတဲ့ဘက်ကို ဦးတည်သွားနိုင်တယ်လို့လည်း ပြောပါတယ်။ ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ ဟာသရုပ်ရှင်သရုပ်ဆောင် ဗေလုဝ နဲ့ မောင်မေတ္တာ တို့ကလည်း တက်ရောက်လာသူတွေကို NLD အောင်နိုင်ရေး တေးသီချင်းနဲ့ ဖျော်ဖြေခဲ့သလို လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိရေး အရေးကြီးကြောင်း စည်းရုံးဟောပြောခဲ့ကြပါတယ်။ ဒီနေ့ မဲဆွယ်စည်းရုံးဟောပြောပွဲကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေက ပါတီဝင် ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးတင်ဦးရဲ့ မဲဆွယ်စည်းရုံးဟောပြောပွဲ အစီအစဉ်တွေကို မနက်ဖြန် အမ်းနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ဆက်လက်ကျင်းပမယ်လို့ သိရပါတယ်။
ဦးတင်ဦးရဲ့ ပြောကြားချက်တွေနဲ့ ပရိသတ်တွေရဲ့ မေးမြန်းမှုတွေထဲက ဖြေကြားချက်တချို့ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် စစ်တွေမြို့က ပေးပို့ထားပြီး သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။