လက်နက်ကြီးကြောင့် လားဟူဒေသခံ ၅၀၀ ကျော် ထွက်ပြေး
2019.12.17

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပေါ်က လွယ်တောက်ကျေးရွာအနီး ဒီဇင်ဘာလ ၁၆ ရက်နေ့က တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ ရောက်လာသလို လွယ်တောက်ရွာအနီး လက်နက်ကြီးတွေကျတာကြောင့် ကျေးရွာသုံးရွာက ဒေသခံငါးရာကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
လွယ်တောက်ရွာဟာ လားရှိုးမြို့နဲ့ ဆယ့်ငါးမိုင်လောက်ဝေးတဲ့နေရာမှာရှိတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်က ကျေးရွာအနီးကို လက်နက်ကြီးလေးလုံးလောက်ကျခဲ့တယ်လို့ ကျေးရွာဆယ်အိမ်မှူး ဦးဆန်နီက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေကတည်းက ကျေးရွာအနီးရောက်လာတဲ့ TNLA တပ်ဖွဲ့တွေက ရွာထဲက နေအိမ်တချို့ကနေ ထမင်းထုပ်တောင်းတယ်လို့ ရွာသားတွေက ပြောပါတယ်။
တပ်မတော်စစ်ကြောင်းလည်း ကျေးရွာဘက်ကို ရောက်လာသလို လက်နက်ကြီးပစ်ခတ်သံတွေကို ကြားရချိန်မှာတော့ လက်နက်ကိုင်အဖွဲ့တွေက တောထဲကို ပြန်ဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့တွေက သူတို့ ရှောင်ပေးမှာဖြစ်တဲ့အတွက် ရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေးဖို့ မလိုဘူးလို့ ပြောကြားခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းရောက်လာပြီလို့ သတင်းကြားတာကြောင့် ဒေသခံတွေဟာ တိုက်ပွဲကြားပိတ်မိမှာစိုးရိမ်ပြီး ထွက်ပြေးသွားကြကြောင်း ရွာသားတချို့က ပြောပါတယ်။
နမ္မတူမှာ အခြေစိုက်တဲ့ တပ်ဘက်ကနေလာတယ်လို့ ယူဆရတဲ့ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဟာ ကျေးရွာအနီးမှာဖြစ်တာတော့မဟုတ်ဘဲ လက်နက်ကြီးကျည်တွေကျတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေကို လုံခြုံတဲ့နေရာရောက်အောင် ခေတ္တရွှေ့ပြောင်းရ တာလို့ ကျေးရွာလူကြီး ဦးကျာတော့က ပြောပါတယ်။
လက်နက်ကြီးကျတာ၊ စစ်ရေးတင်းမာမှုတွေကြောင့် လွယ်တောက်လားဟူရွာ အနီးက ပန်ဟုန်းရွာ၊ ဆယ့်သုံးမိုင် ဂေါ်ရခါးရွာက ကျေးရွာသားတွေဟာ ညနေပိုင်းမှာ လားရှိုးမြို့က ပရဟိတလူမှုကူညီရေးအသင်း အကူအညီနဲ့ လားရှိုးမြို့နဲ့ ခုနှစ်မိုင်လောက်ဝေးတဲ့ နမ္မတူ-လားရှိုးလမ်းပေါ်က အီနိုင်းဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးသွားခဲ့ကြပါတယ်။
ဒီကနေ့ မနက်ပိုင်းထိ ထွက်ပြေးလာသူတွေရှိနေသေးပြီး လက်ရှိမှာ အီနိုင်းကျေးရွာမှာ ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၃၉ စုနဲ့လူဦးရေ ၅၅၆ ဦး အထိရှိနေပြီဖြစ်ပါတယ်။
ဒီကနေ့နေ့လယ်ပိုင်းမှာတော့ ကျေးရွာအနီးလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ရွာနဲ့ဝေးရာကို ဆုတ်ခွာသွားပြီဖြစ်သလို တပ်မတော်ဘက်ကလည်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတယ်လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ညက ထွက်ပြေးလာတဲ့ရွာသားတွေအတွက် စားစရာတွေလိုအပ်နေသလို စေတနာရှင်တွေ ဒေသခံတွေက ထမင်းထုပ်တွေစီစဉ်ပေးနေပြီး ဒီမနက်မှာတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက နေရပ်စွန့်ခွာသူတွေအတွက် ဆန်နဲ့ အနွေးပစ္စည်းတွေကို ပေးအပ်ခဲ့ပါတယ်။ ကျေးရွာသားတွေကတော့ နယ်မြေအခြေအနေအေးချမ်းရင် ဒီနေ့ပဲ နေရပ်ပြန်ကြမယ်လို့ ပြောပါတယ်။
လားရှိုး-နမ္မတူလမ်းပိုင်း အီနိုင်းကျေးရွာအုပ်စုနဲ့ လွယ်တောက်ရွာ နာဆိုင်းကျေးရွာတွေအနီးမှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့အပြင် ဒေသအတွင်းလှုပ်ရှားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး ဒေသခံတွေ ဟာ အီနိုင်းနဲ့ လားရှိုးမြို့ပေါ်ကို အခုလိုပဲ မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးရလေ့ရှိပါတယ်။