လူထုဆန္ဒအခြေခံတဲ့ အုပ်ချုပ်ရေးစနစ် ၂၀၂၅ ခုနှစ် စတင်မယ်လို့ TNLA ထုတ်ပြန်

RFA Burmese
2024.02.22
လူထုဆန္ဒအခြေခံတဲ့ အုပ်ချုပ်ရေးစနစ် ၂၀၂၅ ခုနှစ် စတင်မယ်လို့ TNLA ထုတ်ပြန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က TNLA တာဝန်ရှိသူတွေ သူတို့သိမ်းယူထားသည့် မိုင်းငေါ့မြို့၊ မိုင်းလုံမြို့နှင့် မန်တုံမြို့များသို့ သွားရောက်စစ်ဆေးနေစဉ်။
PSLF/TNLA News

"၁၀၂၇ စစ်ဆင်ရေး" ကာလအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းထားတဲ့မြို့ ခုနစ်မြို့ကို ၂၀၂၅ နှစ်သစ်မှာ လူထုဆန္ဒကိုအခြေခံတဲ့ လူထုအုပ်ချုပ်မှု အစိုးရပေါ်ပေါက်ရေး ကြိုးစားဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က TNLA နှစ်ပတ်လည်အစည်းအဝေးကနေ ထုတ်ပြန်လိုက်ပါတယ်။ ဘယ်လိုပုံစံ ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုထားတာမရှိပါဘူး။

တအာင်းဒေသအတွင် အခြားလူမျိုးအဖွဲ့အစည်းတွေက အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ အခွန်ကောက်တာနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်တာတွေမလုပ်နိုင်အောင် ဒေသတွင်းက လူမျိုးစုံနဲ့ လက်တွဲကာကွယ်သွားမယ်လို့လည်း ဆိုပါတယ်။

ပြည်သူတွေလိုလားတဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရောက်အောင် ဦးဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။

TNLA နှစ်ပတ်လည်အစည်းအဝေးကို ဗဟိုကော်မတီဝင်တွေ၊ အရံဗဟိုကော်မတီဝင်တွေ၊ တပ်မှူးတွေ၊ အရာရှိတွေ၊ ဖိတ်ကြားထားတဲ့ပြည်သူတွေအပါအဝင် ၁၈၅ ယောက်ပါဝင်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်သူတွေ စစ်အာဏာရှင်စနစ်ဆိုးကနေလွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံးစုပေါင်းရုန်းကန်တည်ဆောက်ဖို့ အချိန်အခါ သင့်နေပြီလို့လည်း ရေးသားထားပါတယ်။

လူထုအုပ်ချုပ်တဲ့ အစိုးရကို ဘယ်လိုပုံစံ အကောင်အထည်ဖော်မလည်းဆိုတာနဲ့ တအာင်းဒေသမှာ စစ်သားဆောင်းတာအပါအဝင် အခွန်ကောက်တာတွေကို မလုပ်နိုင်အောင်ဆောင်ရွက်မယ်လို့ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားမလည်းဆိုတဲ့ အသေးစိတ်သိရဖို့ TNLA တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမဲ့ လတ်တလော ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

"၁၀၂၇ စစ်ဆင်ရေး" ကာလအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို TNLA က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။